ဒလန်ဟု စွပ်စွဲမှုများနှင့်ပတ်သက်၍ မဟုတ်မှန်ကြောင်း မွန်ပြည်သစ်ပါတီဝင်ဟောင်းတစ်ဦးဖြစ်သူ စာရေးဆရာ မွန်စောနွယ် (ခ) ဦးခင်မောင်ထွေး ငြင်းဆို

ဒလန်ဟု စွပ်စွဲမှုများနှင့်ပတ်သက်၍ မဟုတ်မှန်ကြောင်း မွန်ပြည်သစ်ပါတီဝင်ဟောင်းတစ်ဦးဖြစ်သူ စာရေးဆရာ မွန်စောနွယ် (ခ) ဦးခင်မောင်ထွေး ငြင်းဆို
by -
စိုင်းထွန်းစံ (MNA)

ဒလန်ဟု စွပ်စွဲမှုများနှင့်ပတ်သက်၍ မဟုတ်မှန်ကြောင်း မွန်ပြည်သစ်ပါတီဝင်ဟောင်းတစ်ဦးဖြစ်သူ စာရေးဆရာ မွန်စောနွယ် (ခ) ဦးခင်မောင်ထွေးက ငြင်းဆိုလိုက်သည်။

ဦးခင်မောင်ထွေးသည့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာလက ကြားဖြတ်ရွေးကောက်ပွဲကတည်းက မုဒုံမြို့နယ် နိုင်လှုံကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ခဲ့ပြီး ယခုအစိုးရ အပြောင်းအလဲတွင်လည်း ထိုရာထူးကို ဆက်လက်တာဝန်ယူခဲ့သူဖြစ်သည်။

“ကျွန်တော် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၀ ရက်ကတည်းက ကြားဖြတ်ရွေးကောက်ပွဲမှာ အုပ်ချုပ်ရေးမှူးဖြစ်ခဲ့တယ်။ ဒီအစိုးရ အပြောင်းအလဲမှာလည်း ဆက်လက်တာဝန်ယူခဲ့တာပေါ့နော်။ ဒီကြားထဲမှာ ရဲဝန်ထမ်းတွေက သတင်းရလို့ ရွာကိုလာရှာဖွေ စုံစမ်းမှုတစ်ခုလုပ်ခဲ့တယ်။ ကိုယ်က ရပ်ရွာအုပ်ချုပ်ရေးမှူးဆိုတော့ သူတို့သွားချင်တဲ့နေရာကို လိုက်ပို့ရတဲ့ သဘောပဲလေ။ အဲတာပဲ အဲတာပြီးတော့ နောက်ပိုင်း လေးငါးရကနေတော့ ကျွန်တော်ပုံကို တင်ပြီးတော့ ရွာက အုပ်ချုပ်ရေးမှူးပါ၊ ကျောင်းကိုလည်း ဖွင့်ထားတယ်၊ ပြီးတော့ ဒီရွာက CDM ဆရာမတွေ မရှိဘူး။ ပြီးတော့ မီတာခကောက်တယ်။ အဲလိုပြောပြီးတော့ ဒီလူဟာ ဒလန်ပဲ ဆိုပြီးတင်တယ်” ဟု ဦးခင်မောင်ထွေးက ပြောသည်။

ဦးခင်မောင်ထွေးကို လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ဒလန်ဟု စွပ်စွဲကာ တွေ့သည့်နေရာတွင် ရှင်းပစ်ရန် ခြိမ်းခြောက်မှုများရှိနေသည်ဟု ဆိုသည်။

“အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး နည်းနည်းရှင်းပြဖို့လိုတယ်။ ရွာက သူတို့ဆန္ဒအရပဲ ကျွန်တော်တို့က တိုက်တွန်းခြင်းမရှိဘူး၊ CDM လုပ်တာမလုပ်တာက သူတို့ရဲ့ ဆုံးဖြတ်ချက်ပဲလေ။ ပြီးတော့ မီတာ ကောက်တာကျတော့ ကျွန်တော်တို့ရွာမှာ လက်တက်အုပ်စုရှိတယ်။ နိုင်လှုံအုပ်စုရှိတယ်။ မီးလင်းတဲ့ ကော်မတီက သူ့ကော်မတီနဲ့သူပဲ သူတို့ဆုံးဖြတ်ချက်နဲ့သူပဲ ကျွန်တော် ဝင်စွက်ဖက်လို့ မရဘူးလေ” ဟု ၎င်းက ပြန်လည်ရှင်လင်းခဲ့သည်။

မွန်ကျောင်းသားခေါင်းဟောင်းတစ်ဦးဖြစ်သည့် ဦးခင်မောင်ထွေးသည် မွန်လူမှုရေးအသင်းအဖွဲ့များဖြစ်သည့် မွန်စာရေးဆရာအသင်း၊ မွန်ဂီတအစည်းအရုံး အလုပ်အမှုဆောင်အဖြစ်လည်းကောင်း၊ အနုသုခု မဆိုင်ရာများတွင် တာဝန်ယူဆောင်ရွက်မှုများရှိပြီး ကျေးရွာတွင်လည်း လူငယ်အဖွဲ့ဖြစ်မြောက်ရေး၊ သာ ရေးနာရေး အသင်းအဖွဲ့များ၊ ကျေးရွာဖွံ့ဖြိုးရေး အပိုင်းတွင် ပါဝင်လုပ်ဆောင်ပေးနေသော မွန်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ကြောင်း သိရသည်။

မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောခွင့်ရပုဂ္ဂိုလ် နိုင်တလညီက အုပ်ချုပ်ရေးမှူးတိုင်း၏တာဝန်မှာ သက်ဆိုင်ရာက ပေးအပ်သည့်တာဝန်ကို ဆောင်ရွက်ရမှာဖြစ်ပြီး ကျောင်းဖွင့်နိုင်ရန် စည်းရုံးပေးရသည်ကို ဒလန်ဟု ထည့်သွင်းထားသည်မှာ မဖြစ်သင့်သည့်ကိစ္စဟု ဆိုသည်။

“အဓိကတော့ နိုင်မွန်စောနွယ်ပေါ့နော်။ ကျောင်းဖွင့်ရေး ကျောင်းသားတွေကို ကျောင်းတက်အောင် ဖိအားပေးတာတွေဘာတွေ အဲလိုပေါ့နော်။ အဲလိုအတွက်ကြောင့် ဒလန်ထည့်တာပေါ့နော်။ ဘာလဲဆိုတော့ အုပ်ချုပ်ရေးမှူးတိုင်းက သက်ဆိုင်ရာက ပေးအပ်တဲ့တာဝန်ကို ဆောင်ရွက်ရမှာပဲလေ။ သူတို့က ကျောင်းသားတွေ ကျောင်းဖွင့်နိုင်ဖို့၊ ကျောင်းတက်နိုင်ဖို့ စည်းရုံးပေးရမယ်။ ပြောဆိုပေးရမယ်ဆိုတာက အုပ်ချုပ်ရေးမှူးတိုင်းရဲ့ တာဝန်ပဲလေ၊ ဒီထဲမှာမှ မွန်စောနွယ်ကို ဒလန်ဆိုပြီး ထည့်ထားတာတော့ အဆင်မပြေဘူးပေါ့နော်” ဟု နိုင်တလညီက ပြောသည်။

စာသင်ကျောင်းဖွင့်သည့် ကိစ္စနှင့်ပတ်သက်ပြီး မွန်စောနွယ် (ခ) ဦးခင်မောင်ထွေးကိုဒလန်ဟု စွပ်စွဲသည်မှာ သင့်လျော်မှုမရှိပဲ ကျောင်းဖွင့်နေသည့် အခြားအုပ်ချုပ်ရေးမှူးများလည်းရှိနေပြီး NLD နှင့် ဆက်စပ်သည့် အုပ်ချုပ်ရေးမှူးများရှိနေသော်လည်း ၎င်းအုပ်ချုပ်ရေးမှူးများကို ဒလန်ဟု ခြိမ်းခြောက်ခံရမှု မကြားမိကြောင်း နိုင်တလညီက ထောက်ပြသည်။

“နိုင်ငံရေးမှာကျတော့ ဒီအမြင်မတူတဲ့ အပိုင်းတွေတော့ ရှိတာပေါ့နော်။ နိုင်ငံရေးအရ ခံယူချက်မတူတဲ့အပိုင်းကို ဒလန်စာရင်းတွေ သွတ်သွင်းမယ် နောက်ပြီးတော့ ဆန့်ကျင်ဘက် အုပ်စုတစ်ခုအနေနဲ့ အကြမ်းဖက်မှုတွေက မလုပ်သင့်ဘူးလို့မြင်တယ်။ နိုင်ငံရေးဆိုရင်တော့ နိုင်ငံရေးယဉ်ကျေးမှုနဲ့ နိုင်ငံရေးဆန်ဆန် လုပ်သင့်တယ်လို့ပဲမြင်တယ်” ဟု နိုင်တလညီက ပြောသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...