စစ်တပ်က နိုင်ငံတော်အာဏာကိုလုယူပြီး လေးလကျော်အတွင်းမှာပင် ပြည်သူလူထုဟာ အထွေထွေကျပ်တည်းမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ အထွေထွကုန်ဈေးနှုန်းနဲ့ စက်သုံးဆီဈေးတွေဟာ နှစ်ဆကျော်ခုန်တက်လာပါတယ်။ စက်ရုံအလုပ်ရုံတွေ၊ ကုမ္ပဏီလုပ်ငန်းတွေ ပိတ်သိမ်းရပ်နားတာတွေကြောင့် အလုပ်လက်မဲ့နှုန်း မြှင့်တက်လာနေတာဖြစ်ပါတယ်။
စစ်ခေါင်းဆောင်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကိုဖွဲ့စည်းကာ နိုင်ငံ့စီးပွားရေး စီမံခန့်ခွဲတဲ့နေရာမှာ ကျွမ်းကျင်သူတွေအဖြစ် ပုံဖော်ခဲ့ကြပါတယ်။ နိုင်ငံရဲ့ စီးပွားရေးကို မူလအတိုင်းရှိနေဖို့ အားထုတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဝင်မလာတော့သလို ရှီပြီးသားရင်းနှီးမြှုပ်နှံမှုတွေဟာလည်း ပြန်လည်ထွက်ခွာသွားတဲ့အတွက် စီးပွားရေးဟာ ထိုးကျသွားခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်တွေမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ကြောက်မက်ဖွယ်ရာ ဆိုးရွားတဲ့အန္တရာယ်အတွင်း ရှိနေတယ်လို့ဖော်ပြခဲ့ပြီး စစ်အာဏာသိမ်းတာရဲ့ သက်ရောက်မှုတွေကြောင့် အခုနှစ်အတွင်းမှာ ၁၀ ရာခိုင်နှုန်း ကျဆင်းသွားဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
အာဏာသိမ်းပြီး လေးလကျော်အကြာမှာ ရင်းနှီးမြှုပ်နှံမှုအသစ်မရှိတာ ရှိပြီးသားရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်သွားအပြင် အနောက်နိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့တာတွေကြောင့် နိုင်ငံတကာ ကျောထောက်နောက်ခံပြုထားတဲ့ အခြေခံအဆောက်အအုံဆိုင် စီမံကိန်းတွေလည်း ရပ်ဆိုင်းကုန်ပါတယ်။
ပြီးခဲ့တဲ့ ၁၀ နှစ်လောက်က နိုင်ငံရေးပြောင်းလဲမှုနဲ့အတူ စီးပွားရေးပြုပြင်ပြောင်းလည်းမှုတွေကြောင့် တိုးတက်မှုတွေရှိခဲ့ပါတယ်။ အခုတော့ အာဏာသိမ်းတာရဲ့ အကျိုးဆက် ဆန့်ကျင်ဘက်ရလဒ်တွေသာ ရနေတာဖြစ်ပါတယ်။ အဲဒီရလဒ်တွေက မြန်မာနိုင်ငံကို ဆင်းရဲတွင်းအမှောင်ထုထဲကို ဆွဲခေါ်သွားတာဖြစ်ပါတယ်။
ဒါတွေဟာ စစ်တပ်က အာဏာသိမ်းတာကြောင့် လတ်တလောဖြစ်လာတဲ့ အကျိုးဆက်ပဲရှိပါသေးတယ်။ စစ်ကောင်စီရဲ့ ကိုယ်ကျိုးစီးပွားရှေ့ရှုတဲ့ စီမံခန့်ခွဲမှုတွေကြောင့်လည်း နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်း ပြည်သူတွေ ခံစားရအုံးမှာဖြစ်ပါတယ်။ လက်ရှိမှာ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးစီးဆင်းမှုအကျပ်အတည်းကြောင့် ပင်လယ်ရေကြောင်းကုန်သွယ်ရေးအပါအဝင် ကုန်သွယ်ရေးလုပ်ငန်းတွေ နှောင့်နှေးရပ်ဆိုင်းနေပါတယ်။
ဘဏ်ဝန်ထမ်းတွေ CDM လုပ်လို့ ဘဏ်ခွဲတွေပိတ်ထားတာအပါအဝင် နိုင်ငံ့ဝန်ထမ်း CDM ပြုလုပ်သူတွေကို အလှူရှင်ပြည်သူလူထုက ထောက်ပံ့တဲ့ လမ်းကြောင်း ဖြတ်တောက်ချင်တာကြောင့် လူတစ်ဦးချင်းနဲ့ ကုမ္ပဏီတွေအတွက် ငွေထုတ်ပေးတာတွေကိုပါ ကန့်သတ်အမိန့် ထုတ်ပြန်လိုက်ပါတယ်။
ဒီကန့်သတ်အမိန့် သက်ရောက်မှုကြောင့် ငွေကြေးပြတ်လပ်မှုတွေ ဖြစ်ပေါ်လာတာပါ။ ကိုယ်ပိုင်ငွေကြေးကိုတောင် ရာခိုင်နှုန်းပေးပြီး ထုတ်နေရတဲ့အခြေအနေဖြစ်နေပါတယ်။ အရင်အစိုးရလက်ထက်တုန်းက နိုင်ငံခြားမှ ငွေလွဲပြောင်းခြင်း စိစစ်တဲ့လုပ်ငန်းစဉ်ဟာ တစ်ပတ်သာကြာမြင့်ပါတယ်။အခုတော့ စစ်ကောင်စီ ဘယ်လိုလုပ်ငန်းစဉ်နဲ့ လုပ်ဆောင်နေတယ်ဆိုတာ အတိအကျမရှိပါဘူး။ စစ်ကောင်စီရဲ့ စိုးရိမ်စိတ် သင်္ကာမကင်းဖြစ်မှုပေါ်မှာမူတည်ပြီး ကြာမြင်နေနိုင်ပါတယ်။ ဒီလိုအခြေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုမလာတာတွေ ထွက်သွားတာတွေကြောင့် စစ်ကောင်စီရဲ့ နိုင်ငံခြားငွေကြေး ငွေနည်းလာနိုင်ပါတယ်။
ပြီးခဲ့တဲ့ မေလ (၂၀) ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နိုင်ငံခြားငွေသုံးစွဲမှုကို လျော့ချနိုင်ဖို့အတွက် ပိတ်ထားတဲ့ နိုင်ငံပိုင်အထည်ချုပ်စက်ရုံတွေနဲ့ ဝါကြိတ်စက်ရုံတွေကို ပြန်လည်ပတ်ပြီး အဝတ်အထည်တွေထုတ်လုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ဒါအပြင် ပြည်တွင်းမှာ ဆေးဝါးတွေကို လုံလောက်အောင်ထုတ်ပြီး နိုင်ငံခြားကနေ ဆေးဝါးတင်သွင်းတာတွေလျော့ချကာ နိုင်ငံခြားငွေသုံးစွဲတာကို လျော့ကျအောင်လုပ်ဖို့ ဝန်ကြီးဌာနတွေကို တိုက်တွန်းထားပါတယ်။
နောက်တခါ စစ်ကောင်စီဟာ နိုင်ငံခြားငွေရဖို့အတွက် လျှပ်စစ်မဂ္ဂဝပ် ၂၀ ကနေ ၄၀ ထိထုတ်လုပ်နိုင်မယ့် ဆိုလာပါဝါစီမံကိန်း ၁၂ ခုကို မေလ ၂၄ ရက်က တင်ဒါခေါ်ခဲ့ပါတယ်။ တင်ဒါအောင်မြင်သူဟာ နှစ် ၂၀ သက်တမ်း လုပ်ကိုင်ခွင့်ရရှိမှာဖြစ်ပြီး စီမံကိန်းတခုကို အမေရိကန်ဒေါ်လာ သန်း ၂၀ ကနေ ၃၀ ကျော်အထိ ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါတယ်။ ဒါကတော့ နိုင်ငံခြားဝင်ငွေရအောင် စစ်ကောင်စီက ကြိုပမ်းနေတာပါ။
ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ မေလအတွင်းကလည်း သစ်ထုတ်လုပ်ခွင့်တွေကို ချပေးခဲ့ပြီး လာမယ့် ဇွန်ဒုတိယပတ်လာက်မှာ သစ်တန်ချိန် တစ်သောင်းခွဲနီးပါး လေလံတင်ရောင်းချမှာလည်းဖြစ်ပါတယ်။ နိုင်ငံပိုင်လုပ်ငန်းတစ်ခုက ဒီလိုရောင်းချတာဟာ အာဏာသိမ်းစစ်ကောင်စီဟာ ပြည်သူလူထုကို ဆက်လက်နှိပ်ကွပ်ဖို့အတွက် နိုင်ငံခြားငွေကို မြန်မြန်ဆန်ဆန် ရှာဖွေနေတာဖြစ်တယ်လို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ဇွန်လ ၄ ရက်ကစပြီး နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရေး၊ ပြည်တွင်း အသေးစား အလတ်စားလုပ်ငန်းတွေ ကာကွယ်ရေးကို အကြောင်းပြကာ ဆပ်ပြာ ဆပ်ပြာမှုန့် သွားတိုက်ဆေး သွင်းကုန်တွေကို ပိတ်ပင်လိုက်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီမတိုင်ခင် မေ ၁ ရက်ကလည်း ထိုင်းနိုင်ငံကနေတင်သွင်းနေတဲ့ ကော်ဖမစ် အချိုရည်မျိုးစုံ နိုဆီအပါအဝင် စားသောက်ကုန်တင်သွင်းခွင့်ကို ရပ်ဆိုင်းပြီး ပင်လယ်ရေကြောင်းကသာ တင်သွင်းခွင်ပြုမယ်ဆိုပြီး အမိန့်ထုတ်ခဲ့ပါတယ်။
ဒီလို စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေ အမိန့်ညွှန်ကြားချက်တွေကိုကြည့်ခြင်းအားဖြင့် နိုင်ငံခြားဝင်ငွေမရှိတော့လို့ နိုင်ငံခြားငွေသုံးစွဲတာကို လျော့ချတဲ့ မူဝါဒတွေလို့ ထင်စရာရှိနေပေမယ့် တဖက်မှာလည်း စစ်တပ်နဲ့ပတ်သက်တဲ့ အသိုင်းအဝိုင်း အစုအဖွဲ့ ကိုယ်ကျိုးကိုရည်ရွယ်ပြီး လုပ်ဆောင်နေတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
စစ်တပ်ထုတ်ကုန် ဆပ်ပြာတွေဟာ အဆင့်မီမှီလို့ ဈေးကွက်ဝယ်လိုအားအရ ပိတ်ပင်ကုန်ပစ္စည်းတွေဟာ မှောင်ခိုဈေးကွက် ဖြစ်လာအုန်းမှာပါ။ ဒီလို မှောင်ခိုဈေးကွက်ဖြစ်လာစေသလို စစ်တပ်ကုမ္ပဏီက ထုတ်ကုန်တွေနဲ့ စစ်တပ်နဲ့ရင်းနှီးတဲ့သူတွေရဲ့ ထုတ်ကုန်တွေဟာ ဈေးကွက်မှာ ချယ်လှယ်ခွင့် ရရှိသွားမှာဖြစ်ပါတယ်။
မှောင်ခိုဈေးကွက်က ကုန်ပစ္စည်းတွေဟာလည်း ဈေးနှစ်ဆသုံးဆကြီးမြင့်လို့ အခြေခံလူတန်းစားမသုံးနိုင်ရင် စစ်တပ်ထုတ်ကုန်သာ ရွေးချယ်ရတော့မယ့်အနေအထားမျိုးကို တွန်းပို့နေတာဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ ကော်ဖီမစ် အရက် ဘီယာ သွားတိုက်ဆေးကစ လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်နေတဲ့ စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ မြန်မာ့စီးပွာရေးကော်ပိုရေး (MEC) နဲ့ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ (UMEHL) တို့ရဲ့ ထုတ်ကုန်တွေကို အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပြည်သူလူထုက မသုံးစွဲဘဲ သပိတ်မှောက်နေတာပါ။ ဒီအခြေအနေကနေ ကျော်လွှားနိုင်အောင် နိုင်ငံခြားပစ္စည်းတင်သွင်းတာတွေကို ပိတ်တာလို့လည်း လုပ်ငန်းရှင်တွေက ဝေဖန်မှုတွေရှိပါတယ်။
ဘယ်လိုပဲဆိုဆို အာဏာသိမ်းပြီး လေးလကျော်အတွင်းမှာ စစ်ခေါင်းဆောင်တွေဟာ တိုင်းပြည်အကျိုးစီးပွား ပြည်သူအကျိုးစီးပွားတွေကို ထည့်သွင်းစဉ်းစားတာမလုပ်ဘဲ မိမိအကျိုးစီးပွား စစ်တပ်နဲ့ရင်းနှီးသူတွေရဲ့ အကျိုးစီးပွားကိုသာ ရှေ့ရှုပြီး အမိန့်တွေကို ထုတ်ပြန်နေတာပါ။
ဒီလိုကိုယ်ကျိုးစီးပွားရှေ့တန်းတင် အမိန့်တွေကပဲ ပြည်သူကို ၂၀၁၀ အရှေ့ပိုင်းကလို ရွေးချယ်စရာမရှိ သူတို့စိတ်တိုင်းကျ ချယ်လှယ်ခွင့်ရတဲ့ ခွဲတမ်းနဲ့ပေးတဲ့ စားအုန်းဆီကိုတောင် တိုးစားရတဲ့ စနစ်မျိုးဆီကို ဆွဲခေါ်နေတာဖြစ်ပါတယ်။
ကြက်သားဟင်းဆိုတာ တတ်နိုင်သူတွေသာ စားရတဲ့ဟင်းဖြစ်သလို သူများအိမ်နီးနာခြင်းနိုင်ငံတွေမှာ 3G မိုလ်ဘိုင်းဖုန်းကို သုံးနေချိန်မှာ ဒီမှာရိုးရိုးဆယ်လူလာဖုန်းကို သိန်း ၂၀ ကျော် ပေါက်ဈေးပေးသုံးနေရတဲ့ခေတ်တွေ တခြားနိုင်ငံတွေမှာ အင်တာနက်ကို ဈေးပေါပေါသုံးနေချိန် မြန်မာနိုင်ငံမှာ ဈေးကြီးတဲ့အင်တာနက်ကို gmail ဖွင့်ဖို့ VPN တွေကျော်ခွပြီး ပွင့်အောင်စောင့်နေရတဲ့ အမှောင်ခေတ်ကို ဘယ်သူမှ ပြန်မရောက်ချင်တော့ပါဘူး။ ဒီလိုစစ်ခေါင်းဆောင်တွေ ဆွဲခေါ်နေတဲ့ အမှောင်ခေတ်ကို ပြန်မရောက်ချင်ရင်တော့ သရေကြိုးတင်းအောင် ကိုင်ထားကြဖို့ တိုက်တွန်းလိုက်ရပါတယ်။