ကရင်နီပြည်နယ်ကို စစ်အင်အားဖြည့်မည်ဟုယူဆရသည့် အင်အား ၃၀၀ ဝန်းကျင်ရှိသည့် စစ်ကောင်စီတပ် ယာဒိုကျေးရွာတွင် တပ်စွဲထားသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှေင်နေရကြောင်း သိရသည်။
အဆိုပါတပ်သည် ယမန်နေ့ (ဇွန်လ ၇ ရက်) တွင် တောင်ငူမြို့ဖက်မှ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် လိပ်သို-သောက်ရေခပ်-ယာဒိုလမ်းအတိုင်း လူအင်အား၊ ရိက္ခာအပြည့်ပါသည့် စစ်ကားအစီး (၂၀) ကျော်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး ညနေပိုင်းမှစ၍ ယာဒိုကျေးရွာတွင် တပ်စွဲထားခြင်းဖြစ်ကာ ယနေ့ (ဇွန် ၈ ရက်) နံနက်ပိုင်းအထိ တပ်စွဲထားကြောင်း ယာဒိုဒေသခံတစ်ဦးက ပြောသည်။
“မနေ့က သူတို့ (စစ်ကောင်စီ) လိပ်သိုကနေတက်လာတာ ကား ၂၃ စီးပေါ့နော်။ ၁၅ စီးက ပြန်ဆင်းသွားတယ်ပေါ့နော်။ သူတို့ရဲ့လူအင်အားကတော့ ၃၀၀ ကျော်လောက်ရှိတယ်။ အခု ယာဒိုမှာတော့ တပ်စွဲနေဆဲပဲရှိသေးတယ်ပေါ့။ မသွားသေးဘူး။ သူတို့အင်အား ၃၀၀ လောက်ကတော့ သူတို့ ကယားဖက်ကို ဦးတည်ပြီးသွားမယ်လို့ အဲလိုပြောထားတယ်။ စိုးရိမ်တာပေါ့။ သူတို့တက်လာမယ်ဆိုကတည်းက တောထဲမှာ တစ်ရွာလုံးက သွားကုန်တယ်ပေါ့။ တချို့ပဲ ရွာမှာကျန်ခဲ့ကြတာပေါ့။ ရှောင်ထားတယ်အကုန်လုံး။ မနေ့ညကတည်းကဆင်းတာ ကားက ကားအလွတ်ပဲပြန်ဆင်းတယ်။ ရှစ်စီးကျတော့ ယာဒိုမှာကျန်ခဲ့တယ်ပေါ့။ အဲ့ရှစ်စီးခါကျတော့ သူတို့ရိက္ခာပေါ့နော်။ သယ်သွားဖို့ အစီအစဉ်ရှိတယ်။ အဲလိုတော့ပြောတယ်။ ပြီးတော့ ကျန်တဲ့အင်အားကကျတော့ ဆီးဘူးထိကို ခြေလျင်နဲ့သွားကြမယ်ပြောမယ်။ ဒီညခါကျတော့ ဆီးဘူးမှာတော့ သူတို့ပြောပုံအရ ဆီးဘူးမှာ တပ်စွဲဖို့ အခြေအနေရှိတယ် အဲ့လိုပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် စစ်အင်အားနှင့်ရိက္ခာများကို ယာဒိုကျေးရွာတွင် ပို့ဆောင်ထားပြီး စစ်ကား ၁၀ စီးကျော်ကို မေ ၇ ရက် ညပိုင်းတွင် သောက်ရေခပ်ကျေးရွာရှိ ယာယီဘောလုံးကွင်းတွင် ညအိပ်ရပ်နားထားခဲ့ကြောင်း သိရသည်။
ယာဒိုကျေးရွာအနီးတစ်ဝိုက်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယနေ့ညနေပိုင်းတွင် ခြေလျင်ခရီးဖြင့် ဆီးဘူးဒေသကို ဆက်လက်သွားမည်ဖြစ်ပြီး ကရင်နီပြည်နယ် ဒီမော့ဆိုမြို့နယ်အတွင်း ဝင်ရောက်ဖွယ်ရှိကြောင်း ဒေသခံများကပြောသည်။
တပ်စွဲမည်ဖြစ်ကြောင်း သတင်းကြားသည့် ဆီးဘူးဒေသမှ ဒေသခံတချို့သည် ကြိုတင်တိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
ဆီးဘူးဒေသခံတစ်ဦးက “ဒီနေ့ သူတို့ ယာဒိုဖက်ကနေ ဆီးဘူးဖက်ကို တက်လာမယ်လို့တော့ သတင်းကြားရတယ်။ ဒေသခံတွေကတော့ စိုးရိမ်မှုရှိတာပေါ့။ ရွာခံတချို့ဆို ရွာထဲမနေရဲကြတော့ဘူး။ စစ်ပွဲများ ဖြစ်လာမလားဆိုပြီးတော့ စိုးရိမ်ကြတယ်” ဟု ပြောသည်။
လက်ရှိ စစ်ကောင်စီတပ်စွဲထားသည့် ယာဒိုကျေးရွာသည် ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်းတည်ရှိပြီး KNU တပ်မဟာ (၂) ထိန်းချုပ်နယ်မြေအတွင်း တည်ရှိသလို ရှမ်းပြည်နယ်တောင်ပိုင်း ဆီးဘူးဒေသသည်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သော ကယန်းပြည်သစ်ဌာနချုပ် တည်ရှိရာနယ်မြေဖြစ်သည်။
ကရင်-ရှမ်း-ကရင်နီ နယ်စပ်ဖြစ်သည့် ယာဒိုကျေးရွာနှင့် ဆီးဘူးဒေသအနီးတစ်ဝိုက်တွင် စစ်ကောင်စီက တပ်ဖြန့်ရန်လုပ်ဆောင်နေပြီး ယင်းသို့လုပ်ဆောင်ခြင်းသည် တောင်ငူ-လွိုင်ကော် ကာလမ်းကို ရိက္ခာပို့ဆောင်ခြင်းမပြုလုပ်နိုင်ရန် ပိတ်ဆို့မှုပြုလုပ်ခြင်းလည်းဖြစ်နိုင်ကြောင်း ဒေသခံ များက သုံးသပ်လျက်ရှိသည်။
Published
Wednesday, June 09, 2021
အင်အား ၃၀၀ ဝန်းကျင်ရှိသည့် အကြမ်းဖက်စစ်ကောင်စီတပ် ယာဒိုကျေးရွာတွင် တပ်စွဲထားသဖြင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ