ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ Senthang (ဆဲန်ထန်း) နယ်ဟုခေါ်သော ဟားခါး-မတူပီကားလမ်းမကြီးအကြားရှိ ကျေးရွာပေါင်းရှစ်ရွာခန့်မှ ဒေသခံ ၅၀၀၀ ကျော်ခန့် စစ်ဘေးရှောင်နေရကြောင်း သိရသည်။
၎င်းတို့ဒေသတွင် မေလကုန်ပိုင်းကဖြစ်ပွားခဲ့သော အာဏာသိမ်းစစ်ကောင်စီနှင့် Hakha-CDF တို့တိုက်ပွဲကြောင့် ယခုလို တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်မေ ၃၁ ရက်က ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့မှ ဟားခါးမြို့သို့တက်ရောက်သော စစ်ကားကိုဖြတ်တိုက်ရာမှ ဆဲန်ထန်းနယ်တွင် စစ်ကောင်စီနှင့် Hakha-CDF အကြား တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများအသုံးပြုကာ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ဆူရ်ခွါမြို့အပါအဝင် အနီးနားကျေးရွာများမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာ တောထဲသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရခြင်းဖြစ်သည်။
ဆဲန်ထန်းနယ်မှ စစ်ဘေးရှောင်ပြည်သူတစ်ဦးက “ကျွန်တော်တို့ ဆဲန်ထန်းနယ်အဝင်နားမှာ တိုက်ပွဲတွေဖြစ်တော့ ရှောင်ကြတာပေါ့၊ ကိုယ့်အိမ်တွေထားခဲ့တယ်၊ ပစ္စည်းတွေထားခဲ့တယ်၊ သေနတ်သံတွေ တအားကြားတော့လေ။ စက်သေနတ်တွေ လက်နက်ကြီးတွေ တအားပစ်တော့ စိတ်တော်တော်ဆင်းရဲတာပေါ့။ ကျွန်တော်တို့ မကြုံဖူး မကြားဖူးတော့ လက်နက်ကြီးတွေ တအားပစ်တာတွေလေ ငိုတဲ့လူငိုကြတယ်" ဟု ပြောသည်။
အဆိုပါတိုက်ပွဲဖြစ်ပွားမှုကြောင့် ဆဲန်ထန်းနယ်က Surkhua Myo, Phaizawng, Khuapi, Lungrang, Hausen, Dinlopa, Sakta, Loklung စသည့် ကျေးရွာအသီသီးတို့မှ ဒေသခံပြည်သူ ၅၀၀၀ ကျော်တို့သည် နီးစပ်ရာတောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။
ယခုကဲ့သို့ စစ်ဘေးတိမ်းရှောင်နေကြရသည့်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များသည် ကျေးရွာအတွင်းရှိ လူနေအိမ်များအား ဖောက်ထွင်းဝင်ရောက်ကာ အိမ်တွင်းပစ္စည်များ ဖျက်ဆီးခြင်း၊ အိမ်မွေးတိရိစ္ဆာန်များ ဖမ်းဆီးမှုများလည်းရှိသည်ဟု ဆိုသည်။
“Dinlopa ရွာမှာဆိုရင် သော့ခတ်ထားတဲ့အိမ်တွေကို ဖျက်ဆီးပြီးတော့ အထဲကဆန်တွေကို လမ်းမှာဖြန့်ကျဲတာတွေ၊ ယက္ကန်းစင်တွေဖျက်စီးတာတွေ ပြူတင်းပေါက်မှန်တွေလည်းရိုက် ခွဲသွားကြ တာ၊ ကျွဲ၊ နွား၊ ဆိတ်တွေလည်း သတ်သွား ကြတယ်" ဟု ဆဲန်ထန်းနယ်မှဒေသခံတစ်ဦးကပြောသည်။
အလားတူ ဆူရ်ခွါမြို့တွင် ဒေသခံများ စစ်ဘေးရှောင်နေကြသည့်အချိန်တွင် စစ်ကောင်စီများက ဆိုင်ခန်းများဖောက်ထွင်းမှု၊ အိမ်မွေးတိရိစ္ဆာန်များသတ်ဖြတ်မှုများပြုလုပ်ခဲ့ကြကြောင်း ဆူရ်ခွါးဒေသခံတစ်ဦးက ပြောသည်။
“ဆိုင်ခန်း ခြောက်ခုလောက်ဖောက်တယ်၊ ကြက်ကအကောင် ၆၀ လောက်သတ်တယ်၊ ဝက် ၃ ကောင်သတ်တယ်" ဟု ဒေသခံကပြောသည်။
ယခုလက်ရှိ ဆဲန်ထန်းနယ်တွင် စစ်ကောင်စီနှင့် Hakha-CDF အကြား တိုက်ပွဲဖြစ်ပွားမှုမရှိတော့သည့်အတွက် နေရပ်ပြန်လာသည့် ကျေးရွာသားများအချိူ့ရှိနေသော်လည်း စစ်ဘေးရှောင်အများစုမှာ ပြန်မလာရဲကြသေးကြောင်း သိရသည်။
“အခုတော့ အိမ်ရောက်ပါပြီ၊ ကိုယ့်အိမ်မှာ ဘာဖြစ်လဲဆိုတာပဲ ကြည့်ကြသေးတယ်။ အိမ်နီးနားအကြောင်းလည်း ဘာမှမသိရသေးဘူး။ တခြားရွာတော့ မလာလောက်သေးဘူးထင်တယ်။ ကျွန်တော်တို့ရွာက အစောဆုံးပြန်လာတာထင်တယ်။ မရောက်သေးတဲ့သူလည်းရှိမယ်။ ပြေးတဲ့နေရာ လည်းမတူ ခပ်ဝေးဝေးပြေးတဲ့သူတွေကတော့ မရောက်သေးဘူး။ တစ်မိုင် နှစ်မိုင်လောက် အိမ်နီးနားက ပြေးတဲ့သူတွေပဲ ရောက်သေးတာ။ သူတို့လည်း ထွက်သွားပြီဆိုတော့ ကျွန်တော်တို့လည်း အိမ်ပြန်လာတာ” ဟု Sakta ကျေးရွာဒေသခံတစ်ဦးက ပြောသည်။
ဟားခါး-မတူပီအကြား ဆဲန်ထန်းနယ်တွင် စစ်ကောင်စီနှင့် Hakha-CDF တို့ ပြီးခဲ့သည့်မေ ၃၁ ရက်နှင့် ဇွန် ၁ ရက်တိုက်ပွဲတွင် စစ်ကောင်စီဘက်က ရှစ်ဦးသေဆုံးပြီး CDF ဘက်မှ တစ်ဦးကျဆုံးခဲ့သည်။
Published
Wednesday, June 09, 2021
ဟားခါးမြို့နယ် Senthang (ဆဲန်ထန်း) နယ်မှ ဒေသခံ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေရ