“စစ်ကတော့ လွိုင်ကော်ဖက်ကို ကူးလာမှာပဲ၊ ဒီမော့ဆိုမြို့မှာ ဖြစ်ပျက်နေတဲ့ဟာက လွိုင်ကော်ကသူတွေ မဆိုင်သလိုနေလို့မရဘူး”

“စစ်ကတော့ လွိုင်ကော်ဖက်ကို ကူးလာမှာပဲ၊ ဒီမော့ဆိုမြို့မှာ ဖြစ်ပျက်နေတဲ့ဟာက လွိုင်ကော်ကသူတွေ မဆိုင်သလိုနေလို့မရဘူး”
by -
နော်ဒွေးအယ်ခူ (KT)

KNDF ၏ သတင်းနဲ့ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦး

 

ကယားပြည်နယ်တွင် မြို့နယ်အလိုက်ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးတပ် (PDF) များအားလုံးကို ပြန်လည်စုစည်းပြီး ကရင်နီအမျိုးသား ပြည်သူ့ကာကွယ်ရေးတပ် (KNDF) အမည်ဖြင့် မေ ၃၁ ရက်က ဖွဲ့စည်းလိုက်သည်။

 

အဆိုပါ KNDF ကို ကကားပြည်နယ်ရှိ လွိုင်ကော်မြို့၊ ဒီမော့ဆိုမြို့၊ နန်းမယ်ခုံ၊ မိုးဗြဲ စသည့်မြို့နယ်များတွင် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးတပ်အားလုံးကို စုပေါင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းအဖွဲ့အနေဖြင့် ရှေ့ဆက်လုပ်ဆောင်မည့် အခြေအနေများနှင့်ပတ်သက်၍ KNDF၏ သတင်းနဲ့ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးအား ယခုလိုဆက်သွယ်မေးမြန်းဖြစ်ခဲ့ပါသည်။

 

မေး - ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်ကို သိချင်ပါတယ်။

KNDF - ကရင်နီပြည်နယ်မှာပြန့်ကြဲနေတဲ့ လူငယ်အင်အားစုအကုန်လုံးစုပြီး တစ်ဖွဲ့တည်းဖြစ်အောင် လုပ်လိုက်တယ်။ အဓိကကတော့ စစ်ကောင်စီကို ပြန်ပြီးတိုက်ထုတ်တဲ့နေရာမှာ ကျွန်တော်တို့ ကွဲပြားပြီး တိုက်ကြမယ်ဆိုရင် နိုင်ခြေနည်းလိမ့်မယ်။ ဆိုတော့ အဲ့လိုမျိုး တစ်ကွဲတစ်ပြားစီတိုက်မယ့်အစား ကျနော်တို့စုစုစည်းစည်း တွန်းလှန်ပြီးတိုက်ထုတ်နိုင်ဖို့အတွက် အဲ့ဒီရည်ရွယ်ချက်နဲ့ဖွဲ့စည်းတာဖြစ်တယ်။

 

မေး - KNDF ရဲ့ ဦးတည်ချက်ကဘာလဲ။

KNDF - ကျွန်တော်တို့ရဲ့ဦးတည်ချက်ကတော့ ပြည်နယ်ထဲမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေ စည်းစည်းလုံးလုံးရှိနေဖို့ရယ်၊ အလုပ်အတူတကွ ဒီထက်ပိုပြီးမှ ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်နိုင်ဖို့ ပေါ့လေ။ သွေးခွဲတာတွေမလိုလားဘူးဆိုတော့ ကျွန်တော်တို့အတတ်နိုင်ဆုံး တစ်ညီတစ်ညွတ်တည်းနဲ့ စည်းလုံးစွာနဲ့ပူးပေါင်းပြီး ဆောင်ရွက်ဖို့ ဒါက ကျွန်တော်တို့ ဦးတည်ချက်ဖြစ်တယ်။ အထူးသဖြင့် ကေအဲန်ပီပီရဲ့ရပ်တည်ချက်နဲ့ အနီးစပ်ဆုံးပိုဖြစ်လိမ့်မယ်ပေါ့။

 

မေး-  KNDF က တစ်ပြည်နယ်လုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အားလုံးကို ကိုယ်စားပြုနိုင်လား။

KNDF - ဒီချိန်မှာတော့ ကိုယ်စားပြုမှုက အကုန်လုံးရှိနိုင်လား အကုန်လုံး လွှမ်းခြုံလားဆိုရင်တော့ တချို့နေရာမှာတော့ ကျန်နေပါသေးတယ်။ ဥပမာ- အနည်းဆုံးတော့ ရာခိုင်းနှုန်းအရကြည့်မယ်ဆိုရင် KNDF က ဒီပြည်နယ်မှာတော့ ၇၀ သို့မဟုတ် ၈၀လောက်တော့ရှိနေပြီပေါ့လေ။

 

မေး - အားလုံးကို ကိုယ်စားမပြုဘူးဆိုတော့ ကျန်သေးတဲ့ အဖွဲ့တွေရှိသေးတာလား။

KNDF - အကုန်လုံးကတော့ စစ်ကောင်စီကိုပြန်ပြီးတိုက်ထုတ်ဖို့အတွက် ဆန့်ကျင်ဖို့အတွက်ပဲလေ ရည်ရွယ်ချက်ကတော့တူတယ်။ သို့သော် ခုဏပြောသလိုမျိုး သူ့ရဲ့ သွားလာပုံသဏ္ဍာန်တွေ သူရဲ့ ဖွဲ့စည်းပုံတွေက ကွာလိမ့်မယ်ပေါ့လေ။

 

မေး -  တိုက်ပွဲမှာ KNDF အတွက် အဓိကအခက်အခဲက ဘာလဲ။

 

KNDF - အခက်အခဲဆုံးကတော့ လက်နက်ခဲယမ်းပေါ့။ လက်နက်ခဲယမ်း လုံလောက်မှုမရှိတာတော့ အဓိက အကြီးဆုံး ပြဿနာဖြစ်နေတယ်။

 

မေး - မေ ၂၁ ရက်ကစပြီး လက်ရှိအချိန်ထိ ဒီမော့ဆိုမြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး ဘာပြောချင်လဲ။

 

KNDF - ကျွန်တော်တို့ဖက်ကတော့ အလေးပိုစီးနိုင်တယ်လို့ ပြောလို့ရတယ်ပေါ့လေ။ အထူးသဖြင့် ပြောက်ကျားစစ်ဆင်ရေးတွေ ခုနပြောသလိုမျိုး KNDF ဖွဲ့စည်းနိုင်လိုက်တဲ့အတွက်ကြောင့်မို့ ဒီကြားထဲမှာ ပူးပေါင်းပြီးချိတ်ဆက်ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေ ပိုပြီးတော့ အားကောင်းလာတယ်။ သတင်းအချက်အလက်စီးဆင်းမှုတွေက ပိုပြီးတော့မှ တိကျမှန်ကန်တယ်ပေါ့။ အဲဒီအကျိုးရလဒ် ကြောင့်ပဲ ကျွန်တော်တို့ ရန်သူကို အသာစီးပြီး တိုက်နိုင်တယ်လို့ပဲမြင်ပါတယ်။

 

မေး - မေ ၃၁ ရက် ကဖြစ်ပွားတဲ့ ဒီမော့ဆိုတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီဖက်က နိုင်ငံတကာဥ ပဒေအရ ပြည်တွင်းစစ်ပွဲမှာ သုံးခွင့်မရှိတဲ့ ရဟတ်ယာဉ်သုံးပြီးပစ်ခတ်တာတွေ ဗုံးကြဲတာတွေ ပြုလုပ်တဲ့အပေါ်မှာ ဘာမှတ်ချက်ပြုချင်လဲ။

 

KNDF - ဒါကတော့ နိုင်ငံတကာဥပဒေမှာလည်း ပြည်တွင်းစစ်ဖြစ်ပွားတဲ့အချိန်မှာ လေယာဉ် နဲ့သုံးခွင့်မရှိဘူးဆိုတာတော့ နိုင်ငံတကာမှာလည်း ပြဌာန်းထားသော်လည်းပဲ ဒီစစ်ကောင်စီ ကတော့ ဒီအရာကို ကျူးလွန်နေဆဲပေါ့လေ။ အဲဒီအပေါ်မှာလည်း နိုင်ငံတကာမှာတာဝန်ရှိတဲ့ နိုင်ငံအသီး သီးကတော့ ဒီအပေါ်မှာ ရှံ့ချဖို့လိုတယ်။ အထူးသဖြင့် အရေးယူဖို့က ပိုပြီးလုပ်ဆောင်ဖို့လိုအပ်တယ်ပေါ့။ ဒါပေမယ့် ဒီနေ့ဒီချိန်ထိတော့ စစ်ကောင်စီကကျူးလွန်နေဆဲ ကျူးလွန်နေပေမယ့်လည်း နိုင်ငံတကာက တာဝန်ရှိတဲ့ နိုင်ငံတွေတော့ ယနေ့အထိ တရားစွဲဆိုတာတို့ တားမြစ်ပိတ်ပင်တာတို့ လက်တွေ့မှာတော့ အကောင်အထည်ဖော်ဆောင်မှု တစ်ခုမှမရှိသေးဘူးပေါ့။ အမှန်က သူတို့လေယာဉ်နဲ့သုံးတယ်ဆိုတာ သူတို့ရဲ့အရှိတရားကို ဖော်ပြတာလို့ပဲမြင်တယ်။

 

မေး - ပြည်တွင်းတိုက်ပွဲမှာ ရဟတ်ယာဉ်သုံးတဲ့ စစ်ကောင်စီကို တစ်စုံတစ်ရာအရေးယူဖို့အတွက် နိုင်ငံတကာဖြစ်ဖြစ် သက်ဆိုင်ရာတာဝန်ရှိသူဖြစ်ဖြစ် ကရင်နီပြည်နယ် အရေးနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။

 

KNDF - အဲဒီအပေါ်မှာတော့ ကျွန်တော်တို့မြင်တာ တစ်ခုပဲရှိတယ်။ ကျွန်တော်တို့ကရင်နီအရေးက ကရင်နီပဲလုပ်ဆောင်ရမယ်ဆိုတဲ့ဟာပေါ့လေ။ နိုင်ငံတကာကိုမျှော်လင့်တဲ့ကိစ္စရပ်တွေ နိုင်ငံတကာကို အားကိုးလိုတဲ့ကိစ္စတွေတော့ အဲဒါတော့မရှိသေးဘူးပေါ့လေ။ ပြီးတော့ မျှော်လည်းမမျှော်လင့်ဘူး။ ကရင်နီအရေးကို ကရင်နီပြည်သူပဲလုပ်ဆောင်ရမယ်ဆိုတဲ့ဟာ အဲလိုပဲမြင်တယ်။

 

မေး - CRPH တို့ ၊ NUG တို့နဲ့ ဘယ်လိုချိတ်ဆက်ဆောင်ရွက်မှုတွေ ရှိလဲ။ ဘာတွေ မျှော်လင့်ထားလဲ။

KNDF - CRPH ထက် ကျွန်တော်တို့မှာ ကရင်နီပြည်အတိုင်ပင်ခံကောင်စီနဲ့ပေါ့။ အဲဒါနဲ့ ချိတ်ဆက်မှုတွေရှိတယ်။ CRPH တို့၊  NUGတို့က တကယ်လက်တွေ့မှာ အလုပ်လုပ်နိုင်ဖို့ လမ်းတော် တော်ဝေးတယ်လို့မြင်တယ်။ သူတို့နဲ့ချိတ်ဆက်မှုကတော့ တစ်စုံတစ်ရာရှိခဲ့တယ်ဆိုပေမယ့်လည်း အလားအလာကတော့ သိပ်ကောင်းမွန်တဲ့ အနေအထားမှာတော့ ရှိမနေဘူးပေါ့။ အကယ်၍ သူတို့ဖက်က ဘတ်ဂျက်တွေ၊ လက်နက်တွေ အလုံအလောက်ရှိခဲ့မယ်၊ သူတို့ဖက်က လိုလိုလားလားနဲ့ ပံ့ပိုးမယ် ဆိုလို့ရှိရင်တော့ ကျွန်တော်တို့လက်ခံဖို့၊ သူတို့ဆီက အကူအညီယူဖို့တော့ မျှော်လင့်တယ်။ သို့သော် ခုနပြောသလိုမျိုး သူတို့ဖက်ကလည်း ဘာမှရှိမနေဘူးဆိုရင် သူတို့ဆီမှာ ကျွန်တော်တို့မျှော်လင့်ဖို့ တစ်စုံတစ်ရာ ဘာမှ မရှိဘူးပေါ့လေ။ တစ်နိုင်ငံလုံးနဲ့ဆိုင်တယ်ပြောပေမယ့်လည်း NUG က ယနေ့ထိ မြင်ရသလောက်ဆိုရင် စနစ်တကျဖွဲ့စည်းပြီးတော့ တကယ့်နည်းလမ်းကျကျ လက်တွေ့မြေပြင်မှာ အလုပ်လုပ်နိုင်တဲ့အဆင့်ထိ ရောက်မနေသေးဘူးလို့ အဲလိုပဲမြင်တယ်။ အဲဒီအတွက်ကြောင့်မလို့ သူတို့ဆီကနေ ကျွန်တော်တို့ သိပ်မမျှော်လင့်ပါဘူး။

 

မေး - အဲ့ဒီအပေါ်မှာကော တစ်စုံတစ်ရာအားရကျေနပ်မှုရှိလား။ ဘယ်လိုဖြစ်စေချင်လဲ။

 

KNDF - အားရကျေနပ်မှုရှိလားလို့မေးရင်တော့ မရှိဘူးလို့ပဲဖြေရမှာပဲ။ ဘာကြောင့်မရှိလဲဆိုရင် လက်ရှိ သူတို့လုပ်နေတဲ့ လက်တွေ့အလုပ်ကိုပဲ  ကြည့်နေတယ်ဆိုလို့ရှိရင်တော့ သိသာပါတယ်။  ရှေ့လျှောက်မှာ တော့ ဘယ်လိုမျိုး မျှော်လင့်လဲဆိုရင်တော့ ခုနပြောသလိုမျိုးပဲ အထူးသဖြင့် မျှော်လင့်တာတော့ မရှိဘူးပေါ့လေ။ ဒါပေမယ့် ခုနပြောသလိုမျိုး လမ်းတွေဖွင့်ထားမယ်။ ပြီးတော့မှ ကျွန်တော်တို့နဲ့ လက်ရှိမြေပြင်အနေအထားကို အနီးစပ်ဆုံးသူတို့သိနိုင်တယ်။ လက်တွေ့သိပြီးတော့မှပဲ သူတို့နဲ့ချိတ် ဆက်ပြီးတော့ အလုပ်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ ကျွန်တော်တို့ရဲ့ မြေပြင်အနေအထားကို သူတို့ ကောင်းကောင်းမွန်မွန်မသိနိုင်သေးသ၍တော့ ကျွန်တော်တို့တော့ သူတို့နဲ့ တူတူအ လုပ်လုပ်ဖို့ဆိုတာ သိပ်ပြီးတော့မှ ခဲယဉ်းနေတဲ့အနေအထားမှာပဲ ရှိနေသေးတယ်ပေါ့။

 

မေး - ကရင်နီပြည်နယ်အတွင်းမှာ တိုက်ပွဲဖြစ်နေတာလည်း နှစ်ပတ်ကျော်ပြီပေါ့နော်။ ဒီပြည်နယ်ကို စစ်ကောင်စီက ဖိနေတဲ့အချိန် အခြားတိုင်းနဲ့ပြည်နယ်က ဘယ်လိုတွေလုပ်ဆောင်သင့်လဲ။

KNDF - ကျွန်တော်တို့ကယားမှာ အသေဖြစ်နေတဲ့အချိန်မှာ ကျန်တဲ့တိုင်းဒေသတွေမှာ ထကြဖို့အကောင်းဆုံးအချိန်ပေါ့လေ ဆိုတော့ သူတို့တွေက ထကြွပြီး လုပ်ဆောင်မှုတွေဘာတွေ တစ်ခုမှလုပ်မနေဘူးပေါ့။ အမှန် သူတို့ တစ်ညီတစ်ညွတ်ထဲ တိုင်းနဲ့ပြည်နယ် ၁၄ ခုက ဒီလိုပုံစံပဲ ကယားမှာဖြစ်ပျက်နေတဲ့ ပုံစံပဲ တိုက်မယ်ဆိုလို့ရှိရင်တော့ အောင်ပွဲတော့နှစ်နဲ့ ချီပြီးကြာလိမ့် မှာမဟုတ် ဘူး။ လနဲ့ချီရင်တောင်မှ နိုင်ရင်နိုင်လိမ့်မယ်။ အကယ်၍ အဲ့လိုပုံစံနဲ့မလုပ်ဘဲနဲ့ ကယားမှာဖိနေတဲ့အချိန် ကျန်တဲ့ဒေသတွေက အေးဆေးပဲနေကြမယ် ဥပမာ- ကချင်ကိုဖိနေတဲ့အချိန် ကျန်တဲ့ဒေသတွေလည်း ဒီအတိုင်းပဲနေကြမယ်ဆိုရင်တော့ ဒီစစ်ကောင်စီကို ကျွန်တော်တို့ဘယ်လိုမှ တိုက်ယူနိုင်လိမ့်မှာ မဟုတ် ဘူးပေါ့။ အဓိကအချက်ကတော့ ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ တစ်ချိန်တည်း တစ်ပြိုင်နက်တည်း လုပ်နိုင်ရင်တော့ အကောင်းဆုံးလို့ မျှော်လင့်တယ်ပေါ့။

မေး - အခြား ဘာတွေဖြည့်စွက်ပြောဆိုချင်တာ ရှိသေးလဲ။

 

KNDF - အဓိကကတော့ ပထမအချက်က မှန်ကန်တဲ့သတင်းအချက်အလက်တွေကို ရယူဖို့လို တယ်ပေါ့လေ။ ဆိုတော့ သတင်းအမှားတွေ သတင်းအတုတွေကို မှားပြီးမယုံမှားဖို့ အရမ်းအရေးကြီး တယ်။ နောက်တစ်ခုက အချိတ်အဆက်တွေက ကောင်းကောင်းမွန်မွန် ဒီထက်ပိုလုပ်သင့်တယ်ပေါ့လေ တစ်ရွာနဲ့တစ်ရွာပေါ့။ ဒီလိုမျိုး ကုန်စည်စီးဆင်းမှုတွေ ပြတ်လတ်နေတဲ့အချိန် တချို့ရွာတွေက ဆန်စပါးရှိတယ် တချို့ရွာတွေက ဆန်စပါးမရှိဘဲနဲ့ ပိုက်ဆံရှိတယ်ဆိုရင် အဲလိုမျိုး တစ်ရွာနဲ့တစ်ရွာ ကူညီကြဖို့ ဖေးမကြဖို့ တအားနဲ့အရေးကြီးတယ်။ ဒီအချိန်မှာ စည်းစည်းလုံးလုံးနဲ့ သွားနိုင်ဖို့အရေး ကြီးတယ်။ နောက်တစ်ချက်က လွိုင်ကော်တို့လိုမျိုးဆိုရင် ယနေ့အချိန်ထိတော့ ကုန်ပစ္စည်းတွေ အလွယ်တကူဝယ်ယူနိုင်သေးတယ်ပေါ့ဆိုတော့ သူတို့အနေနဲ့ခါကျတော့ ပစ္စည်းတွေဘာတွေ အလွယ်တကူဝယ်ယူနိုင်သေးတယ်ပေါ့။ သူတို့အနေနဲ့ ကုန်ပစ္စည်းတွေကို စုနိုင်သလောက် ကုန်ကြမ်းတွေပေါ့ စားသောက်ကုန်တွေဘာတွေ စုနိုင်သလောက် ထပ်မံ စုဖို့လိုတယ်။ နောက်တစ်ချက်ကတော့ ဒီထက်ပိုပြီးတော့မှ ပြင်ဆင်မှုတွေ ထပ်မံလုပ်ရမယ်လို့ မျှော်လင့်တယ်။ ဆန်တွေ ဘာတွေ ကြာရှည်ခံပြီးထားနိုင်အောင် သေချာလေးလုပ်ရမယ်။ စစ်ကတော့ လွိုင်ကော်ဖက်ကို ကူးလာမှာပဲ၊ ဒီမော့ဆိုမြို့မှာဖြစ်ပျက်နေတဲ့ဟာက လွိုင်ကော်ကသူတွေ မဆိုင်သလိုနေလို့မရဘူးပေါ့လေ မသိသလိုနေလို့မရဘူး။ ဒီမော့ဆိုကိုထိရင် လွိုင်ကော်ကိုထိတာနဲ့တူတူပဲ။ ညီအစ်ကိုမောင်နှမစိတ် ဓာတ်တွေထားပြီးတော့မှ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ကူညီဖို့လိုတယ်။

Most read this week

June 28, 2021
မင်းတပ် မြို့မိ/မြိုဖတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်   စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့်...
June 23, 2021
မင်းတပ်မြို့နယ်မှ စစ်ဘေးရှောင်ကူညီရေးတာဝန်ခံ ကက်သလစ်ဘုန်းတော်ကြီးတစ်ပါးနှင့် အင်တာဗျူး...
June 16, 2021
ကရင်နီတပ်မတော် (K-Army) အမှတ် (၁) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးအယ်မွီးနှင့် အင်တာဗျူး  ...
June 11, 2021
ကာတွန်းဝေယံ (တောင်ကြီး) နှင့် အင်တာဗျူး   ကာတွန်းသည် အခြေအနေတရပ်၏အနေအထားကို သက်၀င်အောင်...