နိုင်ငံတကာအဖွဲ့အစည်းများက အကူအညီများပေးရန် ကရင်နီစစ်ဘေးရှောင်သောင်းချီ မျှော်လင့်နေကြောင်း စစ်ရှောင်များကို အကူအညီပေးနေသူများက ပြောသည်။
ပီးကင်းကောခူ စစ်ဘေးရှောင်စခန်းကော်မတီ တာဝန်ရှိသူတစ်ဦးက “နိုင်ငံတကာအကူအညီတွေ တိုက်ရိုက်လာပြီး လာကူညီပေးမယ်ဆိုရင်တော့ အရမ်းကောင်းမယ် အရမ်းလည်းထိရောက်မယ်။ အထူးသဖြင့်ကတော့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုအတွက်ရယ်၊ နောက်ပြီးတော့ အခုရွာတွေ မှာ စစ်တပ်တွေ ရမ်းသမ်းပစ်လို့ ဒဏ်ရာထိသွားတဲ့လူတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ကမ့်နဲ့သိပ်မဝေးပဲ လေးငါးခြောက်မိုင်မှာရှိတယ်။ အဲဒီကမ့်တွေမှာလည်း ဒဏ်ရာရတဲ့သူတွေ အကြီးအကျယ် ဆယ်ယောက်ထက်မနည်းရှိတယ်ပေါ့နော်။ အဲဒီလူအတွက် အများကြီးရှိတယ်ပေါ့။ အဲဒါ နိုင်ငံတကာက ဝင်လာပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ကတော့ အရမ်းဝမ်းသာမိမှာပဲ” ဟုပြောသည်။
လက်ရှိ ကရင်နီပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိက္ခများကြောင့် လွိုင်ကော်၊ ဒီမောဆိုနှင့် ဖယ်ခုံ၊ မိုးဗြဲ စသည့်မြို့များမှ တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များမှာ စားသောက်နေထိုင်ရေးအပြင် အဖက်ဖက်မှ ခက်ခဲမှုမျိုးစုံရှိလာသည့်အတွက် နိုင်ငံတကာမှ လူသားချင်းစာနာမှုအကူအညီများပေးရန် တောင်းဆိုသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသည့် အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။
၎င်းက “အကြပ်အတည်းဖြစ်နေတဲ့အချိန်မှာကျတော့ ပြည်တွင်းအနေနဲ့လည်း ထောက်ပံ့မှုက ဒီလမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်ပေါ့။ တစ်မြို့နဲ့တစ်မြို့ ချိတ်ဆက်မှုတွေကလည်း ခက်ခဲတယ်ပေါ့နော။ ဒါ ပြည်ပအကူအညီလည်း လိုအပ်တယ်ပေါ့” ဟု ပြောသည်။
စစ်ဘေးရှောင်များကို အကူအညီပေးနေသူများ၏ လက်လှမ်းမှီသလောက် ကောက်ယူထားသည့် စာရင်းအရ ကရင်နီပြည်နယ်တွင် လက်ရှိ အချိန်အထိ တောတောင်ထဲတွင် ဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်း အခု ၂၀ ကျော်ခန့်ရှိနေပြီး ထိုထက်မကလည်း ရှိနေနိုင်သည်ဟု ဆိုသည်။
အဆိုပါ စစ်ရှောင်စခန်းများတွင် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင်များအပါအဝင် သောင်းနှင့်ချီသည့် စစ်ဘေးရှောင်များရှိနေသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြောသည်။
စစ်ဘေးရှောင်များကို ကူညီပေးနေသည့် အမည်မဖော်လိုသူတစ်ဦးက “ဒီမှာ ဒုက္ခသည်များတယ်ပေါ့နော်။ ဒီမောဆိုမြို့တစ်မြို့အနေနဲ့ဆိုရင် လူဦးရေ ခြောက်သောင်းကျော် ခုနှစ်သောင်းဝန်းကျင်ရှိတယ်။ အဲဒီမှာ သက်ကြီးရွယ်အို ကလေးသူငယ်တွေ လေးသောင်းကျော်ရှိမှာပေါ့နော်။ လေးသောင်းဝန်းကျင်လောက်ရှိမယ်။ အဲဒီလူတွေက သူတို့ လွတ်ရာကို ဗုံးတွေ ဘာတွေ တအားပစ်ခတ်မှုများတော့ သူတို့ ရှောင်တိမ်းတာတွေရှိ တယ်။ နောက်တစ်မြို့က ကျွန်တော်တို့ ဖယ်ခုံ၊ မိုးဗြဲပေ့ါနော မိုးဗြဲမြို့နဲ့ ဖယ်ခုံမြို့မှာလည်း စစ်ဘေးရှောင်တဲ့လူတွေ များတယ်ပေါ့။ နောက်တစ်ခုက အဓိကမြို့ကြီးဖြစ်တဲ့ လွိုင်ကော်မြို့မှာလည်း လူဦးရေ သုံးပုံတစ်ပုံလောက် အခု ရှောင်ကုန်ပြီပေါ့နော။ အဲဒါဆိုတော့ ခန့်မှန်းခြေက လူဦးရေ စစ်ရှောင်တဲ့သူက တော်တော်များပြီ။ များနေပြီပေါ့ ဒီမောဆိုတစ်မြို့ထဲတောင်မှ လေးသောင်းဝန်းကျင်ရှိပြီပေါ့နော” ဟုပြောသည်။
စစ်ဘေးရှောင်များအတွက် ဆန်၊ ဆီ၊ ဆား စသည့် စားသောက်ကုန်များအပြင် အခြေခံ လူ့အသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးများလည်း အရေးပေါ်အကူအညီများ လိုအပ်လျက်ရှိနေသည်ဟု ဆိုသည်။
ထို့အပြင် မိုးရာသီရောက်ရှိလာပြီဖြစ်သည့်အတွက် စစ်ဘေးရှောင်များနေထိုင်သည့် နေရာများကို ကာရံရန်အတွက် တာလပတ်၊ မိုးကာများအပြင် ယင်လုံအိမ်သာများလည်း လိုအပ်နေသည်ဟု ကရင်နီ စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြောသည်။
ပြီးခဲ့သည့် မေ ၂၀ ရက်နောက်ပိုင်းမှစတင်ကာ ကရင်နီပြည်နယ် ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားလာခဲ့သည့် တိုက်ပွဲများကြောင့် ဒေသခံများမှာ ၎င်းတို့နေထိုင်ရာ ဒေသများတွင် လုံခြုံမှုမရှိတော့သည့်အတွက် နီးစပ်ရာမြို့များနှင့် တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် အဖက်ဖက်မှ အကူအညီများလိုအပ်နေသည်ဟု စစ်ဘေးရှောင်များကို အကူအညီပေးနေသူများ၏ ပြောပြချက်အရ သိရသည်။