ချင်းပြည်နယ် ပလက်ဝမြို့တွင် မေ ၂၈ ရက်က ဗုံးနှစ်ကြိမ် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီက မြို့ပေါ်ရှိ အရပ်ဘက်အဖွဲ့အစည်းများတွင် အလုပ်လုပ်ကိုင်နေသူများအပါအဝင် လူငယ် ၁၈ ဦးကိုဖမ်းဆီးကာ ၇ ဦး ပြန်လွှတ်သော်လည်း ၁၁ ဦး ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။
အဖမ်းခံရသူများအနက် ခူမီးစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌ ဦးစနီအောင်၊ ဆေးကျောင်းသား အိုက်ခိုင်ဝင်းအပါအဝင် ၇ ဦးကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်သော်လည်း ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် လူငယ် ၂ ဦး ထပ်မံဖမ်းဆီးကာ ၁၁ ဦးကို ပလက်ဝမြို့ရဲစခန်း၌ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း ပလက်ဝဒေသခံတစ်ဦးထံမှ သိရသည်။
“အားလုံးလွှတ်ပေးတာ ၇ ယောက်ရှိသွားပြီ၊ မနေ့ညနေပိုင်းက ဦးစနီအောင်ကို ပြန်လွှတ်ပေးတယ်၊ ဒီမနက်မှာ လူငယ် ၂ ယောက်ကို ထပ်ဖမ်းတယ်" ဟု ပလက်ဝဒေသခံက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် ပလက်ဝမြို့၏ အဝင်/အထွက် ရေလမ်း ကုန်လမ်းများကိုလည်း မေ ၂၉ ရက်ကစ၍ ပိတ်ထားပြီး ဖမ်းဆီးမှုများဆက်လက်ရှိနေသည့်အတွက် မြို့နေလူထုများ စိုးရိမ်လျက်ရှိကြောင်း သိရသည်။
“အကြောင်းမဲ့ပေါ့နော်။ သူတို့မသင်္ကာလို့ ဖမ်းသွားတာဆိုတော့ ပလက်ဝမြို့ပေါ်မှာရှိတဲ့ လူငယ်တွေက ကျွန်တော့်ကိုများ လာဖမ်းမလားဆိုပြီး အကုန်လုံးက ကြောက်နေကြတယ်။ ထိတ်လန့်နေတဲ့အခြေအနေ အထားဖြစ်နေတယ်ကြတယ်” ဟု ပလက်ဝမြို့ဒေသခံတစ်ဦးက ပြောသည်။
ထို့ပြင် ရခိုင်ပြည်နယ်နှင့်ဆက်သွယ်သော ကုလားတန်မြစ် ရေကြောင်းလမ်းနှင့် ချင်းပြည်နယ် မတူပီ-ဆမီးမြို့နှင့် ဆက်သွယ်သော ကားလမ်းများကို အာဏာသမ်းစစ်ကောင်စီက ပိတ်လိုက်သည့်အတွက် ကုန်စျေးနှုန်း အဆမတန်ပြန်လည်မြင့်တက်လာမှာကို ဒေသခံများက စိုးရိမ်လျက်ရှိသည်။
ပလက်ဝမြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အကြီးအကျယ် စစ်ဘေးဒဏ်ခံခဲ့ရသောဒေသဖြစ်ပြီး လက်ရှိမှာလည်း ဒေသခံပြည်သူ တစ်သောင်းနီးပါးခန့် စစ်ဘေးရှောင်နေရဆဲဖြစ်သည်။
Published
Thursday, June 03, 2021
ပလက်ဝတွင် ဗုံးကွဲမှုနှစ်ကြိမ်ဖြစ်ပြီးနောက် ဖမ်းဆီးသွားသည့် ၁၈ ဦးတွင် ၁၁ ဦးကို ဆက်လက်ဖမ်းဆီးထားဆဲ