ဒေသအခြေစိုက် PDF များနှင့် လက်နက်ကိုင်အဖွဲ့အစည်းအချို့ ပါဝင်ဖွဲ့စည်းထားသည့် ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF သည် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးမူဝါဒအတိုင်း ရပ်တည်လုပ်ဆောင်နေကြောင်း KNDF ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF ကို မေ ၃၁ ရက်က ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး အဆိုပါအဖွဲ့၏ ကာကွယ်ရေးမူဝါဒများမှာ NUG က ချမှတ်ထားသည့် ကာကွယ်ရေးမူဝါဒအတိုင်းပင်ဖြစ်ကြောင်း KNDF ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
၎င်းက “ဒီအဖွဲ့အစည်းရဲ့ ပေါ်လစီကတော့ ပထမအရင် CRPH ပြီးရင် အခု ဒုတိယ NUG ပေါ့နော။ NUG ရဲ့ ကျွန်တော်တို့ ဒီ တရားဝင် အသိအမှတ်ပြုထားတဲ့ လက်အောက်ကနေပဲ သွားတာပေါ့။ သူတို့ ထုတ်ပြန်ထားတဲ့ နည်းဥပဒေအတိုင်းပဲ လိုက်နာကျင့်သုံးသွားတာပေါ့နော်။ အဲဒီအတိုင်းပဲ ဆက်သွားနေတာပေါ့ အခုလက်ရှိက အဲလိုပဲ NUG က ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်းပဲ ကျွန်တော်တို့ ရပ်တည်နေတယ်ပေါ့နော်” ဟု ပြောသည်။
ကာကွယ်ရေးကဏ္ဍအား ဖက်ဒရယ်စနစ်နှင့်အညီ ဒီမိုကရေစီနည်းကျ ထိန်းချုပ်မှုရှိစေရန်ရည်မှန်းလျက် အခြေခံမူများကို NUG လက်အောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာနက ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုအခြေခံမူထဲတွင် နိုင်ငံရေးဆိုင်ရာမူဝါများနှင့် ကိုက်ညီခြင်း၊ ဦးဆောင်မှု၊ ကာကွယ်ရေး မူဝါဒချမှတ်ပြဌာန်းခြင်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ကာကွယ်ရေးကဏ္ဍအပေါ် ဥပဒေပြုအာဏာမှကွပ်ကဲမှု၊ ကာကွယ်ရေးကဏ္ဍအပေါ် တရားစီရင်ရေးအာဏာမှ ကွပ်ကဲမှု၊ ကာကွယ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ နိုင်ငံတကာမှလက်ခံထားသော ဥပဒေများနှင့်ကျင့်ဝတ်များကို လိုက်နာခြင်း၊ ရာထူးတာဝန်သတ်မှတ်ချက်များနှင့် ဘဏ္ဍရေးစီမံမှုနှင့် အရင်းအမြစ်ခွဲဝေမှု စသည့်တို့ ပါဝင်သည်။
NUG ၏ ကာကွယ်ရေးမူဝါဒများနှင့်အညီ ဖွဲ့စည်းထားသည့် KNDF တွင် ကရင်နီပြည်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် PDF သုံးဖွဲ့၊ ရှမ်းပြည်နယ်အခြေစိုက် PDF နှစ်ဖွဲ့တို့နှင့်အတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပါ ပူးပေါင်းဖွဲ့စည်းထားသည့် တပ်ပေါင်းစုဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
“KNDF က PDF တွေစုဖွဲ့ပြီး ဖွဲ့စည်းတယ်ဆိုတာမှန်တယ်။ လက်ရှိမှာ တရားဝင်ထုတ်ပြန်ထားတဲ့ PDF တွေ အကုန်လုံးပါတယ်ပေါ့နော်။ ဥပမာ - ဒီကရင်နီပြည်နယ်မှာရှိတဲ့ မြို့နယ်ရှစ်မြို့နယ်ရှိတယ်။ အဲဒီရှစ်မြို့နယ်မှာ လွိုင်ကော် PDF ရှိတယ်။ နောက်ပြီးတော့ ဒီမောဆို PDF ရှိတယ်။ နောက် နမ့်ဖက်ခုံ PDF ရှိတယ်ပေါ့နော်။ နောက် မိုးဗြဲ၊ ဖယ်ခုံ PDF ရှိတယ်။ မိုးဗြဲ PDF ရှိတယ်။ ဖယ်ခုံ PDF ရှိတယ်။ ငါးမြို့နယ်နဲ့ လော လောဆယ်တော့ စုဖွဲ့ထားတာပေါ့နော်။ ဒီမှာရှိတဲ့ လက်ရှိရှိနေတဲ့ အဖွဲ့အစည်းတွေလည်း ပူးပေါင်းပါဝင်တဲ့ အပိုင်းတွေရှိတယ်ပေါ့နော်။ အဓိကက KNPP ပေါ့။ KNPP ဒီကျန်တဲ့ ကျွန်တော်တို့ ကရင်နီပြည်နယ်မှာရှိနေတဲ့ အဖွဲ့အစည်းတွေလည်း သူ့ဟာနဲ့သူတော့ ပါဝင်ပတ်သက်နေကြတာပဲပေါ့နော်။ ဒီမှာရှိနေတဲ့ နယ်မြေခံ တိုင်းရင်းသားလက်နက်ကိုင်တွေကတော့ ဒီမှာ လူထုနဲ့တစ်သားတည်း ရပ်တည်နေတာပေါ့နော်” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
လက်ရှိတွင် ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့အကြား တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ လက်နက်ကြီးပစ်ခတ်မှုများအပြင် လေယာဉ်များနှင့်ပါ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ထိုတိုက်ခိုက်မှုများကို ပိုမိုခုခံကာကွယ်တွန်းလှန်နိုင်ရန်နှင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ခြေမှုန်းရန်အတွက် ပြန့်ကြဲနေသည့် ပြည့်သူ့ကာကွယ်ရေးတပ် PDF များနှင့် ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား စုစည်းကာ တပ်ပေါင်းစုအဖြစ် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF ကို ဖွဲ့စည်းရခြင်းဖြစ်သည်ဟု KNDF ပြောရေးဆိုခွင့်ရှိက ပြောသည်။