ဗိုလ်ချုပ်အောင်ဆန်းတံတားကို သံလွင်တံတား (ချောင်းဆုံ)ဟု ယနေ့(မေ ၃၁ရက်) မနက်က နာမည်ပြောင်းလဲခဲ့ကြောင်း သိရသည်။
အဆိုပါ တံတားဆိုင်းဘုတ်အား မေ ၃၀ရက်ကတည်းက အစိမ်းရောင် ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ယနေ့(မေ ၃၁ရက်) မနက်ပိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်း တံတား အမည်ကို ပြောင်းလဲကာ သံလွင်တံတား (ချောင်းဆုံ)ဟု ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
"မနေ့ထဲက လက်ဖက်ရည်သွားသောက်တော့ အဲမှာ လုံခြုံရေးယူထားတာ အများကြီးပဲ။ ပထမတော့ တံတားမှာ မိုင်းတွေဘာတွေထားမှာစိုးလို့ အင်အားအပြည့်ချထားတယ်ထင်တာ။ နောက်တော့ ဆိုင်းဘုဒ်ကို ပြင်နေတာ တွေ့တယ်။ အရင်က အနီရောင်အခံကို အစိမ်းရောင်ပြောင်းနေတာ။ ဒီမနက် မနက်စာသွားစားတော့ ဒီမော်လမြိုင်ဘက်ခြင်း ဆိုင်းဘုတ်ကို သံလွင်တံတားဆိုပြီး ပြင်နေတာ တွေ့တယ်"လို့ မော်လမြိုင်ဒေသခံ တစ်ဦးက ပြောသည်။
အဆိုပါ တံတားသည် သံလွင်မြစ်အားဖြတ်သန်း၍ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့အား ဆက်သွယ်ထား သည့် တံတားတစ်စင်းဖြစ်ပြီး အရှည် ၅,၂၀၃ ပေ၊ အကျယ် ၂၈ ပေရှိပြီး နှစ်လမ်းသွား သံမဏိသံပေါင် ခုံးတံတားအမျိုးအစားဖြစ်ကာ ခန့်မှန်းငွေ ကျပ်သန်း ၅၉,၈၀၀ ကုန်ကျခဲ့ကြောင်း သိရသည်။
ထိုသို့ တံတားအမည်ပြောင်းလဲခြင်းသည် မွန်လူမျိုးများ၏ အာရုံကိုပြောင်းလဲရန်ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းတံတား (ချောင်းဆုံ)ကို ပြီးခဲ့သော၂၀၁၇ခုနှစ် မေ ၉ရက်က စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး တံတားပြီးဆုံးချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း (တံတား) အမည်ကို အတည်ပြုခဲ့ရာ ဒေသခံ မွန်တိုင်းရင်းသားတွေက သံလွင်တံတား (ချောင်းဆုံ)ဟုသာ သတ်မှတ်ပေးရန် ၂၀၁၇ခုနှစ် မတ်လအတွင်း၌ ဆန္ဒပြမှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြသည်။
ထို့ပြင် ဧပြီလအတွင်းမှာလည်း ကန့်ကွက်မှု လက်မှတ်လိုက်လံ ကောက်ခံရာ၌ လက်မှတ်ပေါင်း တစ်သိန်းခွဲခန့် ရရှိခဲ့ကြောင်း သိရသည်။
သို့သော် ပြည်သူလွှတ်တော်တွင် ဗိုလ်ချုပ်အောင်ဆန်းတံတား (ချောင်းဆုံ)ဟု အမည်ပေးရန် အဆိုကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၁၇မဲ ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။