ပြည်သူ့စစ်ထဲမဝင်မနေရဟုဆိုကာ နယ်ခြားစောင့်တပ်က ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်ရှိ စစ်ရှောင်စခန်းများတွင် အမည်စာရင်းများ လိုက်လံကောက်ယူနေကြောင်း စစ်ရှောင်များထံမှသိရသည်။
“မနေ့ကစပြီးတော့ စစ်ရှောင်စခန်းတိုင်းမှာ တစ်အိမ်တစ်ယောက် ပြည်သူ့စစ်လုပ်ရမယ် အထက်အမိန့်ဆိုပြီး စာရင်းလိုက်ကောက်တယ်။ နယ်ခြားစောင့်တပ်ကလူတွေ လိုက်ကောက်တာဟုတ်တယ်။ နာမည်စာရင်းနဲ့ အတိအကျ လိုက်ကောက်တာဆိုတော့ ကျွန်တော်တို့မှာ မလုပ်ချင်လည်း လုပ်ရတော့မယ့်သဘောမှာရှိနေတယ်။ ဘယ်လိုပြောရမှန်းကိုမသိတော့ဘူး” ဟု စစ်ရှောင်ပြည်သူတစ်ဦးကပြောသည်။
ချီဖွေမြို့တွင်း စစ်ရှောင်စခန်းနှစ်ခုရှိကာ ကျေးရွာပေါင်း ၁၀ ရွာကျော်မှ စစ်ဘေးရှောင်များ လာရောက်မှီခိုနေကြခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ဘေးရှောင်ဘဝနဲ့နေသည်မှာ ဆယ်စုနှစ်တစ်စုရှိလာသဖြင့် တချို့ကျေးရွာများအနေဖြင့် နေရပ်ပြန်ရန် စီစဉ်နေကြပြီဖြစ်သည်။
“အစတော့ နေရပ်ပြန်တဲ့သူတွေ ပြည်သူ့စစ်လုပ်ရမယ်ဆိုပြီး ပြောသံကြားတယ်။ ခုတော့ နေရပ်ပြန်ပြန်၊ မပြန်ပြန် တစ်အိမ်တစ်ယောက် လုပ်ရမယ်ပြောတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
ယင်းပြည်သူ့စစ်အဖွဲ့သည် အကြမ်းဖက်စစ်အုပ်စု၏ သြဇာခံအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်း ချီဖွေမြို့၊ မျောမောပါဘက်တွင်လည်း လူငယ်သုံးဦးအား စစ်အာဏာဆန့်ကျင်သည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားသည်။
ကချင်ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုံတိန့်ယိန်းသည် တပ်မတော်နဲ့ငြိမ်းချမ်းရေးမယူခင် ကချင်လွှတ်လပ်ရေးတပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။
ထို့နောက် ၁၉၆၈ ခုနှစ်တွင် KIA မှခွဲထွက်၍ ဗမာကွန်မြူနစ်ပါတီ (ဗကပ) နှင့်ပူးပေါင်းခဲ့ကာ တရုတ်-မြန်မာနယ်စပ်ရှိ ကန်ပိုက်တည်၊ ပန်ဝါဒေသအား ဗကပစစ်ဒေသအဖြစ် ခြေကုပ်ယူကာ တပ်မတော်ကို တော်လှန်တိုက်ခိုက်ခဲ့သည်။
၁၉၈၉ တွင် ဗကပပြိုကွဲပြီးနောက် ၁၉၉၀ ပြည့်နှစ်တွင် စစ်အစိုးရနဲ့ငြိမ်းချမ်းရေးယူကာ ဗကပ ၁၀၁ စစ်ဒေသအား ကချင်အထူးဒေသ (၁) အဖြစ် သတ်မှတ်လိုက်သည်။
ထို့နောက် ဦးဇခုံတိန့်ယိန်းသည် ဒီမိုကရေစီသစ်တပ်မတော် ကချင် (NDAK) အမည်ဖြင့် အထူးဒေသ (၁) တွင် လက်နက်ကိုင်အဖွဲ့ကို ထူထောင်ခဲ့သည်။
၂၀၀၉ ခုနှစ်တွင် တပ်မတော်အစိုးရ၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းရေးအစီစဉ်အား လက်ခံခဲ့ကာ (NDAK) အား နယ်ခြားစောင့်တပ်ရင်းသုံးခုအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်သည်။
လက်ရှိ ပန်ဝါ၊ ချီဖွေ၊ ကန်ပိုက်တည်ဒေသများတွင် နယ်ခြားစောင့်၊ ပြည်သူ့စစ်များ စစ်အာဏာရှင်၏ လက်ပါးစေအဖြစ် စစ်အာဏာဆန့်ကျင်သူများအား ပြန်လည်တိုက်ခိုက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ထို့ကြောင့် ယင်းနယ်ခြားစောင့်တပ်နယ်မြေအတွင်း နေထိုင်သည့် စစ်ဘေးရှောင်များ၊ ပြည်သူများအနေဖြင့် ငြင်းဆန်ရန် အလွန်ခက်ခဲကြောင်း ဒေသခံများကပြောသည်။