တောင်ကြီးတွင် တစ်နေ့တည်း၌ ဖမ်းဆီးခံရသော အရပ်သား ငါးဆယ်ကျော်ရှိ

တောင်ကြီးတွင် တစ်နေ့တည်း၌ ဖမ်းဆီးခံရသော အရပ်သား ငါးဆယ်ကျော်ရှိ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် မေ ၂၄ ရက် တစ်ရက်အတွင်း စစ်ကောင်စီကဖမ်းဆီးခဲ့သော အရပ်သား ဆယ်နှင့်ချီရှိကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်ကို ပေးပို့လာသည့် မြေပြင်သတင်းအရ တောင်ကြီးမြို့ပေါ်တွင် မေ ၂၄ ရက်၌ ဖမ်းဆီးခံရသူ ၅၀ ကျော်ရှိသည်ဟု ဆိုသည်။

ယခုရက်ပိုင်း ကယားပြည် (ကရင်နီ) ပြည်တွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် စစ်ကောင်စီအုပ်စုကြား တိုက်ပွဲပြင်းထန်နေပြီး၊ စစ်ကောင်စီအုပ်စုမှ အထိအခိုက်များနေသဖြင့် သျှမ်းတောင် တောင်ကြီးမြို့တွင်လည်း တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်သဖြင့် စစ်ကောင်စီအုပ်စုက လိုက်လံဖမ်းဆီးနေခြင်းဖြစ်နိုင်သည်ဟု တောင်ကြီးပြည်သူတွေက သုံးသပ်လျက်ရှိသည်။

“ကယားဘက်မှာဖြစ်နေတဲ့တိုက်ပွဲ တောင်ကြီးကူးလာမှာလည်း ကြောက်ကြတဲ့သဘောပဲ။ ဒါကြောင့် သူတို့တွေ တွေ့သမျှလိုက်ဆွဲနေတာ။ ဖမ်းနေတာ” ဟု တောင်ကြီးလူငယ်တစ်ဦးက ပြောသည်။

အဆိုပါမြို့တွင် မေ ၂၄ ရက် ညနေ ၆ နာရီဝန်းကျင်မှစတင်ကာ တောင်ကြီးမြို့နယ် နေရာအနှံ့တွင် စစ်ကောင်စီအုပ်စု တားဆီးစစ်ဆေးကာ ဖမ်းဆီးမှုပြုလုပ်ခဲ့ကြောင်း တောင်ကြီးဒေသခံများပြောပြချက်အရ သိရသည်။

“ကျွန်မမြင်တာတောင် ဖမ်းခံရတဲ့သူ ဆယ်ယောက်လောက်ရှိတယ်။ မြေပုံနားမှာ အိမ်စီးကားရော၊ ရွာကကားရော လာသမျှကားကို တားဖမ်းတာပဲ။ ကလေးတွေရော မိခင်တွေရောပါတယ်” ဟု မျက်မြင်တွေ့ရှိသူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုနေ့ ည ၉ နာရီကျော်တွင်လည်း စစ်ကောင်စီအုပ်စုသည် တောင်ကြီးမြို့ ပြည်သူများ၏နေအိမ်ကို ဝင်ရောက်ဖမ်းဆီးမှု ပြုလုပ်ခဲ့သေးကြောင်း သိရသည်။

“ည ၉ နာရီမှာ အိမ်ထဲထိဝင်ဖမ်းတာ။ လမ်းကြိုလမ်းကြားတွေမှာ တားဖမ်းတာတွေလုပ်တယ်။ အိမ်ထဲမှာနေတဲ့ပြည်သူ ငါးဦးပါသွားတယ်” ဟု ၎င်းကဆိုသည်။

တောင်ကြီးမြို့ပေါ်တွင် နေရာအနှံ့၊ လမ်းကြိုလမ်းကြားမကျန် စစ်ကောင်စီအုပ်စုသည် လမ်းသွားလမ်းလာများကို စစ်ဆေးကာ ဖမ်းဆီးမှုများ ပိုလုပ်ဆောင်လာကြောင်းလည်း သိရသည်။

“သူတို့လမ်းမှာတင်ဆွဲတယ်။ မနေ့ည အများကြီးပါသွားတယ်။ စစ်ဆေးပြီးအတင်းဖမ်းတာ။ ညအချိန်ဆိုတော့ သူတို့ အရမ်းလိုက်ဖမ်းနေတယ်။ ကျွန်မတို့တောင် ကိုယ်လုံခြုံးရေးကို စိတ်ပူနေရပြီ” ဟု တောင်ကြီးမြို့ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် မေ ၂၄ ရက်တွင် တောင်ကြီးမြို့ ပြည်ခိုင်ဖြိုးရုံးရှေ့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ညအချိန်တွင် ပြည်သူများကို အကြမ်းဖက် လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက် တောင်ကြီးမြို့ရှိ လမ်းမပေါ်ရှိ ပြည်သူများများကိုတားဆီးပြီး ဖုန်းများစစ်ဆေးခြင်း၊ ဖေ့ဘုတ်များစစ်ဆေးခြင်း၊ ပိုက်ဆံတောင်းခြင်းများလည်းရှိခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...