သရက်ချောင်းကူးတံတား (ဝက်ကုန်း) တံတားကျိုးကျမှုကြောင့် အမျိုးသားနှစ်ဦးသေဆုံး

သရက်ချောင်းကူးတံတား (ဝက်ကုန်း) တံတားကျိုးကျမှုကြောင့် အမျိုးသားနှစ်ဦးသေဆုံး
by -
ခေါင်ညွယ် (KNG)

ကချင်ပြည်နယ် ဟိုပင်မြို့တွင် မေလ ၂၄ ရက်ညပိုင်းက သရက်ချောင်းကူးတံတား (ဝက်ကုန်း) တံတားကျိုးကျမှုကြောင့် အမျိုးသားနှစ်ဦးသေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

"တစ်ယောက်က အဲတံတားမိုင်းခွဲရင်း သေသွားတဲ့တစ်ယောက်ကတော့ ဘယ်သူဘယ်ဝါမှန်းမသိနိုင်တော့ဘူး၊ ဘာလို့လဲဆိုရင် အားလုံး တစ်စစီ၊အသားတစ်ခြား၊ အူတွေတစ်ခြား ဖြစ်နေပြီဆိုတော့ လူရုပ်မှတ်မိဖို့တော့ မဖြစ်နိုင်တော့ဘူး။ နောက်တစ်ယောက်ကတော့ ဒေသခံတစ်ဦး ငါးဖမ်းကနေပြန်လာတာ တံတားကျိုးနေမှန်းမသိတော့ အရှိန်နဲ့လာတော့ တစ်ခါတည်းထိုးဆင်းသွားတဲ့သဘောရှိတယ်။ အဲတစ်ယောက်လည်း ဆေးရုံမှာသေတယ်လို့ သိရတယ်” ဟု အမည်မဖော်လို ဒေသခံတစ်ဦးကပြောသည်။

သေဆုံးသူနှစ်ဦးအနက် တစ်ဦးသည် တံတားမိုင်းခွဲသူဖြစ်နိုင်ပြီး တံတားမိုင်းပေါက်ခွဲရာတွင် မရှောင်နိုင်တော့ဘဲ မိုင်းပေါက်ကွဲမှုတွင် တစ်ခါတည်းပါသွားသည့် အနေအထားဖြစ်ကြောင်း ဒေသခံများက သုံးသပ်သည်။

ဖောက်ခွဲခံလိုက်ရသည့် ဝက်ကုန်းတံတားသည် တံတားတစ်ဖက် လုံးဝပျက်စီးသွားပြီဖြစ်သည့်အတွက် ဖြတ်သန်းသွားလာနိုင်ခြင်းမရှိတော့ကြောင်း ဒေသခံများကပြောသည်။

"တံတားကနေ လုံးဝသွားလို့မရတော့တဲ့အတွက် ကားကြီး၊ ကားသေးတွေက မြို့ရှောင်ကွင်း နမ့်ရင်းလမ်းဘက်က နေသွားလာနေကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းတံတားမိုင်းထိ ဖောက်ခွဲခံရသည့်အပြင် တံတားဘေးပတ်ဝန်းကျင်ရှိ ရပ်ကွက်အုပ်ချုပ်ရေးရုံး၊ လူနေအိမ်အချို့လည်း ပျက်ဆီးခဲ့သည်။

မိုင်းဖောက်ခွဲခံလိုက်ရသည့် သရက်ချောင်းကူးတံတားသည် မြစ်ကြီးနား-ရန်ကုန် သွားရာလမ်းတွင်တည်ရှိသည့် အဓိကကျသည့် တံတားဖြစ်ပြီး ဟိုပင်မြို့အထွက်တွင်ရှိကာ ၂၀၀၃ ခုနှစ်တွင် စတင်တည်ဆောက်ထားသည့် တံတားဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...