ချင်းပြည်နယ်၊ မတူပီမြို့ Joseph Qxygen ပရဟိတအသင်း၏ရုံးကို စစ်ကောင်စီက ဖောက်ထွင်းဝင်ရောက်ကာ ပစ္စည်းတချို့ကိုလည်း ယူဆောင်သွားပြီး အသုံးမလိုသောပစ္စည်းများကို ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီအနေဖြင့် အဆိုပါမြို့ရှိ Joseph Qxygen ပရဟိတအသင်း၏ရုံးကို မေ ၂၃ ရက်ည ၉ နာရီခွဲအချိန်က ဖောက်ထွင်းမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကားဘီးများ၊ ဆေးဖာများကို ယူဆောင်သွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“ဦးထွန်းလင်းတို့ နေတဲ့အိမ် Joseph Qxygen ပရဟိတရုံးကို အနောက်ဖက် မီးဖိုချောင်ဖက်က တံခါးမဖက်ကျတော့ သော့ပိတ်ထားတော့ ဝင်လို့မရဘူးဆိုတော့ သူတို့ သော့ဖျက်၊ ခြေထောက်နဲ့ကန်ဖွင့်ပြီး အထဲဝင်ကြတယ်။ ပြီးတော့ ကားဘီးခြောက်ဘီးယူကြတယ်။ ကားမှာသုံးတဲ့ဟာလားမသိဘူး။ ပိုက်တစ်ခွေလုံးရှိတယ်။ အဲ့တာလည်း အကုန်ယူကြတယ်၊ Maske တွေ၊ ဆေးဖာ ၂ ဖာ အကုန်ယူကြတယ်။ ကျန်တဲ့ တိုလီမိုလီတွေလည်း အများကြီးရှိတယ်။ ဖျက်စီးတာလည်းရှိတယ်။ အပြင်မှာထားတဲ့မီးစက်တွေကိုလည်း မှောက်လှန်ပစ်ကုန်တယ်။ အထဲမှာတွေလည်း ယူပြီးမှ ကျန်တဲ့ဟာ သူတို့အကုန်လုံးဖျက်စီးခဲ့တယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။
မတူပီမြို့တွင် Joseph Qxygen ပရဟိတအသင်းကို ၂၀၁၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အသင်း၏ဥက္ကဌ ဦးထွန်းလင်းဦးကို ဧပြီ ၇ ရက် ည ၁၀ နာရီအချိန်တွင် အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ယနေ့တိုင် ပြန်လည်လွတ်ပေးခြင်းမရှိသလို ပရဟိတတွင်အသုံးပြုသော ကား ၈ စီးနှင့် ကားလိုင်စင်များကိုပါ သိမ်းယူခဲ့ခြင်းဖြစ်သည်။