ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဒီဇင်ဘာလတွင် အပြီးရေးဆွဲမည်

ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဒီဇင်ဘာလတွင် အပြီးရေးဆွဲမည်

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဒီဇင်ဘာလတွင် အပြီးရေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ မေ ၁၈ ရက်က ပြုလုပ်သည့် ၆/၂၀၂၁ အစည်းအဝေးတွင် ထိုသို့အတည်ပြု ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမမူကြမ်းကို ၂၀၂၁ ခုနှစ် မေလမှ အောက်တိုဘာလအတွင်း အပြီးရေးဆွဲကြမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ မူချောရေးဆွဲပြီးစီးနိုင်ရေး ဆောင်ရွက်ကြမှာဖြစ်တယ်လို့လည်း သိရပါတယ်” ဟု ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ PVTV က သတင်းထုတ်ပြန်ခဲ့သည်။

ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းထဲတွင် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များကို ထည့်သွင်းရေးဆွဲသွားမည်ဟု NUG က ဆိုသည်။

PVTV သတင်းထုတ်ပြန်ချက်ထဲတွင် “ဒီလိုရေးဆွဲရာမှာ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့ကိုအခြေခံပြီး ဒီမိုကရေစီအရေး အမျိုး သားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများကို အာမခံချက်ပေးရေးတွေ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံမူကြမ်းမှာ ထည့်သွင်းရေးဆွဲဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်” ဟု ဖော်ပြထားသည်။

ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဖက်ဒရယ်ပြည်ထောင်စုဝန်ကြီးဌာနက တင်သွင်းခဲ့သည့် ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းကို ရေးဆွဲနိုင်ရန်နှင့် ရေးဆွဲရေးလုပ်ငန်းစဉ် ကိစ္စအ၀၀ကို  ကြီးကြပ်ပေးမည့် ကော်မရှင်တစ်ရပ်ကိုလည်း ဖွဲ့စည်းထားသည်ဟု PVTV သတင်းဖော်ပြချက် အရ သိရသည်။

“အဆိုပါ ဖက်ဒရယ် ပြည်ထောင်စု အခြေခံ ဥပဒေမူကြမ်း ရေးဆွဲရေးလုပ်ငန်း ကြီးကြပ်မှုကော်မရှင်မှာ ဥက္ကဋ္ဌအဖြစ် ဒု-သမ္မတ ဒူဝါလရှီးလ၊ ဒု-ဥက္ကဋ္ဌ အဖြစ် ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အဖွဲ့ဝင်များကတော့ ပြည်ထောင်စု ဝန်ကြီးများက ဆောင်ရွက်ကြမှာ ဖြစ်ပြီး အတွင်းရေးမှူးအဖြစ် ဖက်ဒရယ် ပြည်ထောင်စုရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျန်မှုန်းဆာခေါင်၊ တွဲဖက် အတွင်းရေးမှူးများအဖြစ် ဖက်ဒရယ် ပြည်ထောင်စု ရေးရာ ဝန်ကြီးဌာနမှ ဒု-ဝန်ကြီးများဖြစ်ကြတဲ့ ဦးချစ်ထွန်းနဲ့ မိုင်းဝင်းထူးတို့က တာဝန်ယူ ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်”

စစ်အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲတွင် အများစု အနိုင်ရထားသည့် NLD ကိုယ်စားလှယ်များက ပြည် ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ကို ဖွဲ့စည်းခဲ့သည်။

ထို့နောက် CRPH က ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည် ဆိုသည် ရည်ရွယ်ချက်ဖြင့် တပ်မတော်က ရေးဆွဲထားသည့် ၂၀၀ ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းကာ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကြေစာတမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။

ထိုသို့ ထုတ်ပြန်ကြေညာပြီးနောက် တိုင်းရင်းသား အများစု ပါဝင်သည့် ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို ဖွဲ့စည်းခဲ့သည်။

နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရန်နှင့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များစွာ ပေးစွမ်းနိုင်သည့် ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်ကို တည်ဆောက်နိုင်မှသာ ယခုဖြစ်ပေါ်နေသည့် ပဋိပက္ခများကို အဆုံးသတ်နိုင်မည်ဟု တိုင်းရင်းသားများနှင့် မြန်မာ့အရေးလေ့လာသုံးသပ်သူများက ပြောဆိုထားကြသည်။

ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်ရန် ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေလိုအပ်နေပြီး ထိုလိုအပ်နေသည့် ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို NUG က ရေးဆွဲရန် ပြင်ဆင်လာခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...