ချင်းပြည်နယ်၊ မတူပီမြို့တွင် ဖမ်းဆီးခံရသော လူငယ်ငါးဦးအမှု တရားလိုဖက်က မလာရောက်သဖြင့် ရုံးချိန်းရွှေ့ဆိုင်းလိုက်ရကြောင်း သိရသည်။
အဆိုပါအမှုတွင်ပါဝင်သော လူငယ်ငါးဦးကို မေ ၁၉ ရက် မနက် ၁၁ နာရီအချိန်က ရုံးထုတ်ခဲ့သော်လည်း တရားလိုဖက်က ရောက်မလာသောကြောင့် မေ ၂၇ ရက်တွင် ရုံးချိန်းပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
“သူတို့က ခဏလေးပဲထုတ်ပြီးမှ ဒီအတိုင်းပြန်လှည့်သွားကြတယ်။ ဘာမှမစစ်လိုက်ရဘူး။ အဲ့ဒီ တရားလိုဖက်လို့ပြောရမလား။ တိုင်တဲ့သူတွေ စစ်သားတွေ မလာကြဘူး။ သူတို့ ကြားထဲရက်ထဲပြန်ရွှေ့ကြတယ်။ ၁၁ ခွဲလောက်ထင်တယ် ရုံးထုတ်တာ ခနလေးပဲ” ဟု မြို့ခံတစ်ဦးကပြောသည်။
အဆိုပါအဖမ်းခံရသူ ငါးဦးသည် ဖမ်းဆီးခံရသည့်အချိန်မှစပြီး ရုံးချိန်းရက်တိုင်းတွင်လည်း မိသားစုနှင့် တွေ့ခွင့်၊ စကားပြောဆိုခွင့်ရရှိကြသော်လည်း မေ ၁၇ ရက်မှစ၍ ၎င်းတို့အတွက် ပို့ပေးသော ပစ္စည်းများကို စစ်ဆေးရေးဂိတ်မှတဆင့် ပေးပို့ကြရပြီး ကိုယ်တိုင်တွေ့ခွင့်မရသလို စကားပြောခွင့်လည်းမရတော့ကြောင်း အရင်ကထက် ပိုပြီးတင်းကြပ်သွားကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
အဖမ်းခံရသူများသည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် CDM လှုပ်ရှားမှုတို့တွင် ပါဝင်ကြကြောင်း သံသယရှိသဖြင့် ရဲနှင့်စစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်ရုံးထုတ်ခြင်းသည် လေးကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။
Published
Friday, May 21, 2021
တရားလိုဖက်က ရောက်မလာသဖြင့် မတူပီလူငယ်ငါးဦးအမှု ရုံးချိန်းရွှေ့ဆိုင်း