ပုဂ္ဂလိကဘဏ်များ ပြိုလဲဖို့ဖြစ်လာရခြင်းရဲ့ တရားခံ ဘယ်သူလဲ

ပုဂ္ဂလိကဘဏ်များ ပြိုလဲဖို့ဖြစ်လာရခြင်းရဲ့ တရားခံ ဘယ်သူလဲ

လွန်ခဲ့တဲ့နှစ် (၅၀) စစ်အာဏာသိမ်းမှုနဲ့ စစ်အုပ်ချုပ်ရေးတွေကြောင့် မြန်မာနိုင်ငံ တိုင်းပြည်ပျက်ခဲ့ရတယ်။ အခုတခါ ဗဟိုဘဏ်ကိုပါ စစ်အာဏာသိမ်းလို့ စစ်ကောင်စီရဲ့ ဉာဏ်မမှီပဲ ဘဏ်လုပ်ငန်းမှာ ဝင်ရောက်စွက်ဖက်မှုဟာ ပုဂ္ဂလိကဘဏ်လုပ်ငန်းကဏ္ဍ ပြိုလဲစေဖို့ မီးလောင်ရာလေပင့် ဖြစ်လာရပါတယ်။ စစ်အာဏာသိမ်းပြီးခါစ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေ CDM မှာပါဝင်နေပြီး ဘဏ်တွေပိတ်ထားရချိန်မှာ တကယ်လို့ ပုဂ္ဂလိက ဘဏ်တွေ ပြန်ဖွင့်ရင် ဘဏ်တွေ ပြိုလဲမလား၊ မလဲဘူးလား အခြေအတင် ဆွေးနွေးငြင်းခုံတဲ့ debate တွေ ဆိုရှယ်မီဒီယာမှာ ဖြစ်ခဲ့တယ်။ ဧပြီလ (၂၉) ရက်နေ့ နောက်ဆုံးထားပြီး ရုံးပြန်မတက်ရင် အလုပ်ဖြုတ်မယ်လို့ ဖိအားအပေးခံရပြီးနောက် ပုဂ္ဂလိကဘဏ်ဝန်ထမ်းတချို့ ရုံးပြန်တက်လာပြီး ဘဏ်ဝန်ဆောင်မှုတွေ အကန့်အသတ်နဲ့ ပေးလာပါတယ်။ ဘဏ်တွေပိတ်ထားတုန်းက ပြန်ဖွင့်ရင် ပြိုလဲမလား၊ မလဲဘူးလား မသဲကွဲတဲ့အချက်ဟာ ဘဏ်တွေပြန်ဖွင့်ပြီးတဲ့အခါ ကွဲကွဲပြားပြားဖြစ်လာတယ်။

ပြည်သူတွေရဲ့ အသစ် စုငွေမရှိ၊ စီးပွားရေးလုပ်ငန်းတွေဖက်က ချေးငွေအတွက် အတိုးရော၊ အရင်းပါ မရသလောက်ဖြစ်နေချိန် ငွေအပ်သူအားလုံး အပ်ငွေတွေကို ပြန်ထုတ်သွားတဲ့တရက်ဟာ ဘဏ်တွေမှာ ငွေမရှိတော့တဲ့နေ့ပါ။ ဘဏ်တွေမှာ ငွေမရှိတော့ဘူးဆိုရင် ပြိုလဲတာပါပဲ။ အကန့်သတ်နဲ့ အပ်ငွေပြန်ထုတ်ပေးနေခြင်းဟာ ဘဏ်တွေမှာ ငွေကုန်တဲ့ရက်ကို ဆွဲဆန့်ခြင်း (တနည်း) ဘဏ် အပြီးအပိုင်ပြိုလဲမဲ့နေ့ရက်ကို အချိန်ဆွဲဆန့်နေခြင်းသာဖြစ်ပါတယ်။ ဘဏ်တွေပြိုလဲဖို့ ဦးတည်နေပါပြီ။ ဘာကြောင့် ဒီလိုဖြစ်လာရတာပါလဲ။

ဗဟိုဘဏ်ကို စစ်အာဏာသိမ်းတဲ့ကိစ္စ

သူများနိုင်ငံတွေမှာ ဥပမာ - ကမ္ဘာမှာ စစ်အာဏာသိမ်းမှု အများဆုံးဖြစ်တဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ စစ်အာဏာသိမ်းသူတွေဟာ နိုင်ငံရေး အာဏာကိုသာ သိမ်းပါတယ်။ လွတ်လပ်စွာထားရမဲ့ဌာနတွေနဲ့ ကဏ္ဍတွေကို ဘယ်တော့မှ မစွက်ဖက်တဲ့အတွက် စစ်အာဏာသိမ်းမှုဟာ စီးပွားရေးကို ထိခိုက်မှုမဖြစ်စေပါဘူး။ ဒါကြောင့်လဲ ထိုင်းနိုင်ငံစီးပွားရေးဟာ စစ်အာဏာသိမ်းမှုတွေကြားမှာ တိုးတက်သထက် တိုးတက်နေတာပါ။ မြန်မာ့ စစ်အာဏာသိမ်း ဗိုလ်ချုပ်တွေကတော့ လွတ်လပ်ရမဲ့ကဏ္ဍတွေဖြစ်တဲ့ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ နိုင်ငံ့သမိုင်းကအစ အားလုံးကို အာဏာသိမ်းပါတယ်။ ဈေးကွက်စီးပွားရေးစနစ်ကို အဓိက ကျားကန်ပေးရတဲ့ ဗဟိုဘဏ်ဆိုတာ အာဏာသိမ်းစစ်အစိုးရမပြောနဲ့ ဒီမိုကရေစီ အရပ်သားအစိုးရကတောင် ဝင်စွက်ခွင့်မရှိပဲ လွတ်လပ်စွာ လည်ပတ်ခွင့်ပေးရတဲ့ တိုင်းပြည်ငွေကြေးစနစ်နဲ့ ဘဏ္ဍာရေးစနစ်ရဲ့ အဓိက ဒေါက်တိုင်ပါ။ ဖေဖေါ်ဝါရီလ (၁) ရက် အာဏာသိမ်းတဲ့အချိန် ဗဟိုဘဏ် အုပ်ချုပ်ရေးအဖွဲ့ကို ဖယ်ရှား၊ ဖမ်းဆီး၊ ထောင်ချ၊ ညှဉ်းပန်းနှိပ်စက်ပြီး၊ အုပ်ချုပ်ရေးအဖွဲ့အသစ်နဲ့ အစားထိုးကာ အာဏာသိမ်းခဲ့ပါတယ်။ ဗဟိုဘဏ်ကို စစ်အာဏာသိမ်းခြင်းဟာ သူ့ညွှန်ကြားမှုအောက်မှာ လုပ်ငန်းဆောင်ရွက်နေရတဲ့ ပုဂ္ဂလိကဘဏ်လုပ်ငန်းကဏ္ဍကို အာဏာသိမ်းခြင်းလည်းဖြစ်တယ်။ ဗဟိုဘဏ် အုပ်ချုပ်ရေးအဖွဲ့သစ်ကတဆင့် ပုဂ္ဂလိကဘဏ်လုပ်ငန်းမှာ ဝင်ရောက်စွက်ဖက်၊ ထိန်းချုပ်လာတယ်။

ဗိုလ်ချုပ်နေဝင်း စစ်အာဏာသိမ်းမှုကစလို့ စစ်အစိုးရဟာ တိုင်းပြည် ငွေရေးကြေးရေးကဏ္ဍကို ထင်သလို အလွဲသုံးစားလုပ်ခဲ့တာကို လူထုတရပ်လုံး ခါးစည်းခံခဲ့ကြရပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၅၀) စစ်အစိုးရအုပ်ချုပ်တဲ့ ကာလတွေမှာ တရားဝင်ငွေကြေးကို တရားမဝင်ကြေငြာခြင်း (demonetization) ကို ၁၉၆၄ မှာ တကြိမ်၊ ၁၉၈၅ မှာ တကြိမ်၊ ၁၉၈၇ မှာ တကြိမ်၊ စုစုပေါင်း သုံးကြိမ်လုပ်ခဲ့ပါတယ်။ အခု စစ်အာဏာသိမ်းကောင်စီက ငွေစက္ကူ ဖျက်သိမ်းလေမလား လူထုစိုးရိမ်တာ မဆန်းပါဘူး။ ကမ္ဘာ့အထူးဆန်းဆုံး ငွေစက္ကူတန်ဖိုးတွေဖြစ်တဲ့၊ ၃၅ ကျပ်တန်၊ ၇၅ ကျပ်တန်၊ ၄၅ ကျပ်တို့၊ ၉၀ ကျပ်တန်တို့ကို ဗိုလ်ချုပ်နေဝင်းက ယတြာချေတဲ့အနေနဲ့ ထုတ်ဝေခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံတိုင်းလိုလို နိုင်ငံတော် အကြီးအကဲ (သို့မဟုတ်) အာဇာနည်ခေါင်းဆောင်တွေကိုသာ ငွေစက္ကူမှာ ရိုက်နှိပ်ဖေါ်ပြပေမဲ့ နဝတ၊ နအဖ စစ်ခေါင်းဆောင်တွေက ဗိုလ်ချုပ်အောင်ဆန်း အရုပ်အစား တိရစ္ဆာန်အရုပ်တွေနဲ့ အစားထိုးရိုက်နှိပ်ခဲ့ပါတယ်။ ယခု စစ်အာဏာသိမ်းခြင်းနဲ့အတူ ဗဟိုဘဏ်ကို အာဏာသိမ်းလိုက်တာဟာ ဒီစစ်ကောင်စီက ဘဏ်လုပ်ငန်းစနစ်ကို အလွဲသုံးစားလုပ် ချယ်လှယ်ဖို့ ကြံစည်နေပြီလားလို့ အတိတ်ကာလ အတွေ့အကြုံတွေအရ တွေးစရာဖြစ်လာပါတယ်။ ကိုယ်ပိုင်ငွေ သိန်း ၂၀၀ လက်ထဲမှာရှိရင်ပဲ နိုင်ငံတော်စီးပွားရေး ထိခိုက်စေမှုနဲ့ အရေးယူခံရမယ်ဆိုတာအပါအဝင် မဟုတ်မဟတ်၊ အမြော်အမြင်မရှိတာတွေကို ဗဟိုဘဏ်က ပြောဆို၊ လုပ်ကိုင်နေတာတွေဟာ ပုဂ္ဂလိကဘဏ်တွေပြိုလဲဖို့ တွန်းအားတွေ ဖြစ်လာပါတယ်။ အများပြောနေတဲ့ ဘဏ်လုပ်ငန်းစနစ်ကို ယုံကြည်မှု ပျက်ပြားတယ်ဆိုတာ ဗဟိုဘဏ်ကို စစ်အာဏာသိမ်းလို့ ဖြစ်လာရတာပါ။

ခေတ်နောက်ကျတဲ့ ငွေစက္ကူအခြေခံ ငွေပေးချေစနစ်

အရောင်းအဝယ်၊ ဝန်ဆောင်မှု၊ ငွေလွှဲ/ငွေယူ စတဲ့ နေ့စဉ်ငွေပေးချေမှု financial transaction ကိစ္စအဝဝမှာ ငွေစက္ကူကိုအခြေခံပြီး လုပ်ဆောင်ရတဲ့စနစ်ကို ငွေစက္ကူအခြေခံစီးပွားရေး cash economy လို့ စီးပွားရေးပညာရှင်တွေက သတ်မှတ်ပါတယ်။ ငွေစက္ကူတွေကို လက်ထဲ ကိုင်သုံးတဲ့ စနစ်ပါ။ တနည်း ငွေစက္ကူနဲ့ ပေးချေတဲ့စနစ် cash transaction ဖြစ်ပါတယ်။ Cash transaction ဟာ စာရင်းဇယား မှားယွင်းဖို့ လွယ်ကူတာ၊ လာဘ်ပေး/လာဘ်ယူလုပ်ဖို့ လွယ်ကူတာ၊ ငွေကြေးခဝါချဖို့ လွယ်ကူတာ စတာတွေကြောင့် ကမ္ဘာ့နိုင်ငံတွေမှာ cash economy/cash transaction ကို စွန့်ခွါပြီး ငွေပေးချေမှုတွေကို ဘဏ်လုပ်ငန်းစနစ်၊ ခေတ်မှီ IT နည်းပညာတွေနဲ့ ပေါင်းစပ်ပြီး online က လုပ်ဆောင်လို့ရတဲ့ digital transaction ကို ပြောင်းလဲပြီးဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ စီးပွားရေးရှိတဲ့ နိုင်ငံတိုင်းမှာ digital transaction ကို မဖြစ်မနေ ကျင့်သုံးနေပါတယ်။

Digital transaction မှာ နိုင်ငံသားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အစိုးရဌာနတွေဟာ သူတို့ပိုင်ဆိုင်တဲ့ ငွေ၊ အမြတ်ရရှိတဲ့ အခွန်ငွေဆိုတာတွေကို online စာရင်းအရသာ သိနေရပြီး၊ နိစ္စဓူ၀ ငွေပေးချေမှုတွေကို ကဒ်ပြား၊ online နဲ့ App တမျိုးမျိုးကနေ လုပ်ဆောင်ပါတယ်။

ငွေစက္ကူဆိုတာကို လက်နဲ့တောင် တို့ထိစရာမလိုတဲ့ စနစ်ပါ။ ငွေပေးချေမှုအားလုံးကို digital နည်းစနစ်နဲ့ အတိအကျ၊ စက္ကန့်ပိုင်းနဲ့အညီ ၁၀၀ ရာနှုန်း မှန်ကန်စွာ မှတ်တမ်းတင်နိုင်ပါတယ်။ Digital transaction စနစ်မှာ ငွေစက္ကူကိုင်သုံးရခြင်းမရှိတဲ့အတွက် ငွေစက္ကူလိုအပ်ချက် ပြသနာလည်း မရှိသလောက်ပါ။ ငွေစက္ကူကို မရှိမဖြစ် သုံးရတဲ့ အခြေအအနေအနည်းအကျဉ်း (ဥပမာအားဖြင့် ငွေပေးချမှုအားလုံးရဲ့ တစ် ရာနှုန်းခန့်) သာ ရှိပါတယ်။ Cash transaction စနစ်ကို အဓိက အားထားနေဆဲ မြန်မာနိုင်ငံမှာ အခုကြုံရတဲ့ ပြသနာတွေ digital transaction စနစ်မှာ မရှိပါ။ ကမ္ဘာ့နိုင်ငံ အနည်းအကျဉ်းမှာ cash transaction ကို အားထားနေရသေးပေးမဲ့ digital transaction စနစ်ကို အနှေးနဲ့အမြန် အပြည့်အ၀ ပြောင်းသွားပါလိမ့်မယ်။ ဒါက တကမ္ဘာလုံးချီတက်နေတဲ့ လမ်းကြောင်း trend ဖြစ်ပါတယ်။

မြန်မာ့ပုဂ္ဂိကဘဏ်လုပ်ငန်းတွေ ယခင် နဝတ၊ အနဖ စစ်အစိုးရလက်ထက်မှာ ပြန်လည်အသက်သွင်းခဲ့တယ်ဆိုပေမဲ့ ၂၀၁၁ ခုနှစ် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်လာပြီးနောက်ပိုင်းမှ လမ်းကြောင်းမှန်ပေါ် တက်စပြုလာပါတယ်။ အင်တာနက်တွေကို အဲဒီကာလမှာမှ ဖွင့်ပေးလိုက်တာမို့ တခြားနိုင်ငံတွေမှာ ဆယ်စုနှစ် သုံး-လေး ခုလောက်စောပြီး ကျင့်သုံးနေတဲ့ digital transaction ဟာ မြန်မာနိုင်ငံမှာ အပင်ပေါက်လေး အဆင့် ရောက်လာပါတယ်။ Wave Money တို့၊ Mobile banking တို့၊ ဘာ Pay၊ ညာ Pay တို့၊ ငွေပေးကဒ် စနစ်တို့၊ online shopping တို့ ဆိုတာတွေကို မြန်မာလူထု အရသာစမ်းခွင့် ရလာပါတယ်။ ပြည်သူတွေ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေကို သက်တောင့်သက်သာ ရရှိနိုင်သလို တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအရှိန်ကိုလည်း မြှင့်တင်နိုင်ခဲ့ပါတယ်။ သို့သော် မြန်မာ့စီးပွားရေးကြီးတခုလုံးထဲမှာ cash transaction ကတော့ ကြီးကြီးမားမား ရှိနေပါသေးတယ်။ Digital transaction ဟာ အပင်ပေါက်လောက်သာရှိပြီး ငွေစက္ကူရဲ့ အခန်းကဏ္ဍဟာ နေ့စဉ်ငွေပေးချမှုမှာ အဓိက ကျနေတုန်းပါ။

တကယ်လို့သာ အခုအချိန်မှာ မြန်မာနိုင်ငံမှာ တခြားနိုင်ငံတွေမှာလို digital transaction အားကောင်းနေရင် အခုကြုံနေတဲ့ ငွေစက္ကူလိုအပ်ချက်ကြောင့် ဖြစ်နေရတဲ့ ပြသနာမျိုးတွေ မရှိနိုင်ပါ။ မိမိအပ်ငွေရဖို့ ဘဏ်မှာ တိုကင်ယူထုတ်ရတာ၊ ATM မှာ အရစ်ကျ နည်းနည်းချင်းစီ နာရီပေါင်းများစွာ တန်းစီထုတ်ရတာ၊ ထုတ်လို့ရလာတဲ့ငွေကို ရန်သူမျိုးငါးပါးရန်က စိတ်မချလို့ ရွှေဝယ်ရမလား၊ ဒေါ်လာဝယ်ရမလား၊ မီးခံသေတ္တာမှာ သိမ်းရမလား၊ ဘာလုပ်ရင်ကောင်းမလဲ သောကဗျာဗာဒ ဖြစ်ရတာတွေ မရှိနိုင်ပါ။

အင်တာနက်ဖြတ်တောက်မှု

အပင်ပေါက်လေးဖြစ်နေတဲ့ digital transaction ကို အညွန့်ချိုးသလို ဖြစ်စေတဲ့ လုပ်ရပ်ကတော့ အင်တာနက်ဖြတ်တောက်ခြင်း ဖြစ်ပါတယ်။ အင်တာနက်နဲ့အတူ ကြီးထွားဖို့တာစူနေတဲ့ digital transaction ရဲ့ အခြေခံတွေဖြစ်တဲ့ Wave Money တို့၊ Mobile banking တို့၊ ဘာ Pay၊ ညာ Pay တို့၊ ငွေပေးကဒ်စနစ်တို့၊ online shopping တို့ ရပ်ဆိုင်းသွားရပါတယ်။ အဲဒီအခြေအနေဟာ digital transaction ဘက်ကိုသွားဖို့ ပြင်နေတဲ့ ငွေပေးချေမှုတွေကို cash transaction ဘက် ပြန်လည်တွန်းပို့ခြင်းဖြစ်ပြီး၊ နိုင်ငံသားတိုင်း၊ စီးပွားရေးလုပ်ငန်းရှင်တိုင်းအတွက် ငွေသားလိုအပ်ချက်က နံပါတ်တစ်ဦးစားပေး ပြန်ဖြစ်လာရပါတယ်။

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ခန့်က mobile internet မရှိဘဲ မိုဘိုင်းဖုန်းကနေ လုပ်လို့ရတဲ့ ဘဏ်ဝန်ဆောင်မှု တချို့ ပြန်ရလာပါတယ်။ အဲဒီလို ရတယ်ဆိုတာဟာလည်း digital transaction အတွက် လိုအပ်တဲ့ ဘဏ်ဝန်ဆောင်မှု အပြည့်အ၀ရတာမျိုးမဟုတ်တဲ့အတွက် အခုရင်ဆိုင်နေရတဲ့ ငွေစက္ကူလိုအပ်အချက်ပြသနာကို မဖြေရှင်းနိုင်ပါဘူး။ ဒါ့အပြင် အဲဒီအင်တာနက်မပါပဲ လုပ်လို့ရတဲ့ဝန်ဆောင်မှု ပြန်ပိတ်မလား၊ မပိတ်ဘူးလား ဘယ်သူမှ မသိနိုင်ပါဘူး။

စစ်ကောင်စီရဲ့ လူအခွင့်ရေးချိုးဖေါက်မှုဆိုင်ရာ သတင်းအချက်အလက်၊ မှတ်တမ်းတွေ ပြည်ပကို မစီးဆင်းနိုင်အောင် တားဆီးဖို့ စစ်ကောင်စီက အင်တာနက်တွေ ဖြတ်တောက်တယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမဲ့ သူတို့တားဆီးလိုတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှု သတင်းအချက်အလက်၊ မှတ်တမ်းတွေက တာဝန်ရှိတွေကို နိုင်ငံတကာခုံရုံးတွေမှာ တရားစွဲဖို့ လုံလောက်တဲ့ သက်သေတွေအဖြစ် ကမ္ဘာက မှတ်တမ်းတင်ထားပြီး ဖြစ်ပါတယ်။ ၂၀၂၁ ကို ၁၉၈၈ ခုနှစ်လို့ ဉာဏ်ရည်နိမ့်တဲ့ စစ်ဗိုလ်ချုပ်တွေကထင်ပြီး လုပ်ဆောင်နေတာဖြစ်တယ်။ အင်တာနက်ပိတ်တာဟာ စစ်ကောင်စီအတွက်တော့ ခုတ်ရာတခြား၊ ရှရာတခြား ဖြစ်စေပါတယ်။ တားဆီးချင်တာကို မတားဆီးနိုင်ဘဲ တိုင်းပြည် စီးပွားပျက်ကိန်းနဲ့ ရင်ဆိုင်လာရပါတယ်။ ဒီကနေ့ ကမ္ဘာ့နိုင်ငံအားလုံးမှာ ဘဏ်စနစ်အပါအဝင် စီးပွားရေးလုပ်ငန်းအားလုံး၊ ပုဂ္ဂလိကနဲ့ အစိုးရဝန်ဆောင်မှု အားလုံးလိုလိုကို အင်တာနက်နဲ့ IT နည်းပညာကို အခြေခံပြီး လုပ်ဆောင်နေပါတယ်။ အထူးသဖြင့် COVID ကာလမှာ ပိုပြီး အရှိန်မြှင့် လုပ်ဆောင်လာပါတယ်။ အင်တာနက်ဖြတ်တောက်ခြင်းဟာ နိုင်ငံကို ၁၉၈၈ နဝတ၊ နအဖ စစ်အုပ်ချုပ်ရေးခေတ်ကို ပြန်လည်တွန်းပို့ခြင်းဖြစ်ပြီး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အကြီးအကျယ် ဟန့်တားပိတ်ဆို့လာပါမယ်။ နိုင်ငံတကာကပိတ်ဆို့လို့ စီးပွားရေးထိခိုက်ရတာထက် ဉာဏ်ရည်နိမ့်ကျတဲ့ စစ်ဗိုလ်ချုပ်တွေ ကိုယ့်ဘာသာကိုယ်ပိတ်ဆို့လို့ ပိုအထိနာရတယ်ဆိုတာ သူတို့ကိုယ်တိုင် မသိရှာလေပါဘူး။

နောက်ဆက်တွဲဆိုးကျိုးများ

မြန်မာနိုင်ငံမှာ ၂၀၀၀ ခုနှစ်ဝန်းကျင်က မြန်မာယူနီဗာဆယ်ဘဏ်၊ အာရှဓနဘဏ်နဲ့ မေဖလားဝါးဘဏ် စတဲ့ ပုဂ္ဂလိကဘဏ်တွေ ငွေကြေးခဝါချမှု အရှုပ်တော်ပုံနဲ့ ပြိုလဲခဲ့တဲ့ အတွေ့အကြုံရှိခဲ့တယ်။ အဲဒီအချိန်က ဘဏ်တွေပြိုလဲမှုကြောင့် လူထုနဲ့ တိုင်းပြည်စီးပွားရေးကို ထိခိုက်မှုက မသိသာလှပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်က ဘဏ်ဝန်ဆောင်မှုကို ခရိုနီတစ်ချို့သာ အသုံးပြုနေပြီး ဒီနေ့ကာလလို သာမန်ပြည်သူလူထုနဲ့ စီးပွားရေးလုပ်ငန်းတွေက တွင်တွင်ကျယ်ကျယ် အသုံးချမှု မရှိသေးလို့ပါ။ ဒီတကြိမ် ပုဂ္ဂလိကဘဏ်တွေ ပြိုလဲရင်တော့ လူထုရော၊ တိုင်းပြည်စီးပွားရေးတခုလုံး ရစရာမရှိအောင် အထိနာပါလိမ့်မယ်။

အခုဆိုရင် မြန်မာငွေတန်ဖိုး တောက်လျှောက် ထိုးကျနေပါတယ်။ နိုင်ငံခြားငွေလဲနှုန်းမှာ စစ်အာဏာသိမ်းတဲ့အချိန်နဲ့ အခုအချိန်အကြားမှာ (၂၅)% လောက် ဈေးကျသွားတဲ့အပြင် ငွေသားထုတ်ယူခွင့်ရဖို့ ပေးရတဲ့ ကော်မရှင်က (၁၀)% ဝန်းကျင် ရှိလာတာမို့ စုစုပေါင်း တန်ဖိုးကျမှုဟာ (၃၅)% လောက် ဖြစ်နေပါတယ်။ မြန်မာငွေနဲ့ အမေရိကန်ဒေါ်လာကို အကျဈေးနဲ့လဲလို့ ရနေသေးပေးမဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ဘက် အိမ်နီးချင်း နိုင်ငံတွေက ငွေကြေးနဲ့ လဲလှယ်ဖို့ ခက်ခဲလာတာ၊ ဒီကတဆင့် ကုန်သွယ်မှုကို ထိခိုက်လာတာ၊ ကုန်ဈေးနှုန်းတက်တာ စသဖြင့် ရှေ့ဆက်ဆိုးကျိုးတွေက တန်းစီဖြစ်လာမှာပါ။

ဉာဏ်ရည်နိမ့်တဲ့ စစ်ဗိုလ်ချုပ်တွေ တိုင်းပြည်အာဏာသိမ်းလို့ တိုင်းပြည်ပျက်စီးခဲ့ရပါတယ်။ စစ်အုပ်ချုပ်ရေး အနှစ် (၅၀) အတွင်း ဒေသအတွင်း အချမ်းသာဆုံး မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး ဖြစ်ခဲ့ရတယ်။ လူ့အခွင့်အရေးချိုးဖေါက်မှုမျိုးစုံနဲ့ ပြည့်နှက်နေတဲ့နိုင်ငံအဖြစ် ကမ္ဘာကသိထားတယ်။ မြန်မာနိုင်ငံသားတွေ နိုင်ငံတကာအလယ်မှ အစစ အောက်ကျနောက်ကျ မျက်နှာငယ်ခဲ့ရတယ်။ ဉာဏ်ရည်နိမ့်တဲ့ စစ်ဗိုလ်ချုပ်တွေ အခုတခါ ဗဟိုဘဏ်ကိုပါ အာဏာသိမ်းလို့ ပုဂ္ဂလိကဘဏ်လုပ်ငန်းစနစ်ကြီး ပြိုကျပျက်စီးတော့မယ့်အန္တရာယ်နဲ့ ကြုံနေရပါတယ်။

Most read this week

လားရှိုးမြို့၌ ကိုးကန့်တပ် နှင့် ညီနောင်မဟာမိတ်အလံ လွှင့်ထူထားသည်ကို ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်းကမြင်တွေ့ရစဥ်။ (ဓါတ်ပုံ − AFP)
April 18, 2025
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်တပ် MNDAA သိမ်းပိုက်ခဲ့ရာ လားရှိုးမြို့သို့ ယနေ့ (ဧပြီ ၁၈...
April 11, 2025
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများစွာ...
April 11, 2025
ဧပြီ ၁၀ ရက် ကောလင်းမြို့နယ် အင်ပင်လှကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှု။ (ဓါတ်ပုံ- Kawlin Info...
April 11, 2025
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၁၀၀ အတွင်း ရစ်ခ်တာစကေး ၆ နှင့်အထက် လှုပ်ခတ်ခဲ့ဖူးတဲ့ မြေငလျင်ကြီး ၁၈...