မြိုအမျိုးသားနေ့ကို ညီအစ်ကိုတိုင်းရင်းသားများနှင့် CSO အဖွဲ့များအားဖိတ်ကြား၍ စည်ကားစွာကျင်းပမည်

မြိုအမျိုးသားနေ့ကို ညီအစ်ကိုတိုင်းရင်းသားများနှင့် CSO အဖွဲ့များအားဖိတ်ကြား၍ စည်ကားစွာကျင်းပမည်
by -
ကောင်းကျော်နိုင် (BNI)

ယခုနှစ် မြိုအမျိုးသားနေ့ကို ညီအစ်ကိုတိုင်းရင်းသားများနှင့် CSO များအားဖိတ်ကြား၍ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးကျေးရွာတွင် စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ် မေ ၁၈ ရက်တွင်ကျရောက်မည့် ငါးကြိမ်မြောက် မြိုအမျိုးသားနေ့တွင် ရခိုင်၊ ခမီ၊ ဒိုင်းနက် စသည့် ညီအစ်ကိုတိုင်းရင်းသားတချို့နှင့် လူငယ် Cso အဖွဲ့များအား ဖိတ်ကြား၍ မတူကွဲြ့ပားမှုများနှင့် ထိတွေ့ဆက်ဆံမှုရှိအောင် အစီစဉ်များထည့်သွင်းခြင်း၊ တိုင်းရင်းသားကပွဲများ ဖြင့် စည်ကားစွာကျင်းပရန် ကြိုးပမ်းလျက်ရှိကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီအဖွဲ့ဝင် ကိုအေးလွင်က ပြောသည်။

“ကျွန်တော်တို့ အနီးနားမှာရှိတဲ့ တိုင်းရင်းသားညီအစ်ကိုတွေပေါ့။ အဓိက ရခိုင်နဲ့ ခမီ၊ ဒိုင်းနက်ပေါ့။ CSO အဖွဲ့တွေကိုလည်း ဖိတ်ထားတယ်။ တိုင်းရင်းသားကပွဲတွေလည်းပါတယ်။ အမှန်က ၁၇ ရက်နေ့ ကျင်းပမှာပါ။ အဲဒီနေ့မှာ ညကပွဲတော့ရှိမယ်။ ဖွင့်ပွဲပေါ့။ ဒါပေမယ့် မောင်တော၊ ဘူးသီးတောင်ဖက်ကလူတွေရဲ့ လမ်းခရီးကိုကြည့်ပြီး ၁၈ ရက်နေ့မှ အခမ်းအနားပြုလုပ်သွားမယ်။ ကျွန်တော်တို့ လူငယ်တွေကြားမှာ၊ ရခိုင်လူထုတွေကြားမှာ မတူကွဲပြားမှုတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေရှိလာအောင် အစီစဉ်တွေလည်းပါနိုင်အောင် ကြိုးစားထားတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ၂ဝ၂ဝ ခုနှစ်ကလည်း ကိုဗစ်- ၁၉ ကြောင့် မြိုတိုင်းရင်းသားနေ့ကို ကျင်းပခွင့်မရခဲ့သဖြင့် ယခုနှစ်တွင် စည်စည်ကားကားဖြစ်စေချင်ကြောင်း ၎င်းကဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် မြိုတိ်ုင်းရင်းသားများအများဆုံး နေထိုင်ကြောင်း၊ လူဦးရေ လေးသောင်းခန့်အထိရှိကြောင်း မြိုတိုင်းရင်းသားများ၏ ပြောပြချက်အရသိရသည်။

မြိုတိုင်းရင်းသားသည် တောင်ပေါ်ဒေသများတွင် တောင်ယာလုပ်ကိုင်ခြင်းဖြင့် အများဆုံး အသက်မွေးဝမ်းကြောင်းပြုနေထိုင်ကြသူများဖြစ်ပြီး ကဆုန်လဆန်း ၇ ရက်တွင် တောင်ယာတွင် မျိုးစပါးကိုဦးချသည့်နေ့ကို အထိမ်းအမှတ်အဖြစ် မြိုတိုင်းရင်းသားနေ့ကို ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...