မိုးရာသီနီးလာပြီဖြစ်သော်လည်း ရခိုင်စစ်ဘေးရှောင်စခန်းတချို့ အမိုးအကာလုံအောင် ပြန်မပြုပြင်နိုင်သေးသဖြင့် စိုးရိမ်စရာဖြစ်နေ

မိုးရာသီနီးလာပြီဖြစ်သော်လည်း ရခိုင်စစ်ဘေးရှောင်စခန်းတချို့ အမိုးအကာလုံအောင် ပြန်မပြုပြင်နိုင်သေးသဖြင့် စိုးရိမ်စရာဖြစ်နေ
by -
ထွန်းခိုင် (နိရဥ္စရာ)

မိုးရာသီနီးကပ်လာပြီဖြစ်သော်လည်း ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်စခန်းတချို့တွင် နေအိမ်များကို မပြုပြင်နိုင်ဘဲဖြစ်နေသဖြင့် မိုးတွင်းကာလ နေရေးထိုင်ရေး အခက်အခဲဖြစ်မည်ကို အထူးစိုးရိမ်နေကြကြောင်း စစ်ဘေးရှောင်များက ပြောသည်။

မြေပုံမြို့နယ် ဟင်းခရွာကျေးရွာက စစ်ဘေးရှောင် ဒေါ်ကျော့နုမေက “ဒီအိမ်တွေမှာ မိုးရာသီရောက်ရင် နေထိုင်ဖို့ လုံးဝအဆင်ပြေမှာ မဟုတ်တော့ပါ။ ဆောက်ထားတာ နှစ်နှစ်ကျော်နေပြီ။ အကုန်လုံး အပေါက်အပြဲတွေနဲ့ဖြစ်နေပြီ။ မနေ့က မိုးရွာတော့ ဟိုကမိုးယို၊ ဒီကမိုးယိုနဲ့ နေလို့မရဘူး။ အကုန်လုံးမိုးစိုကုန်တယ်။ တာပေါ်လင်စတွေက အားလုံးဆွေးနေကြပါပြီ။ အသစ်မပြင်နိုင်ရင် မိုးတွင်းမှာ ဘယ်လိုမှ နေလို့ရမှာ မဟုတ်ဘူး။ ကူညီမယ့်သူတွေရှိရင် ကူညီကြပါလို့ ပြောချင်ပါတယ်” ဟု နိရဥ္စရာကိုပြောသည်။

အမိုးအကာမလုံသဖြင့် မိုးရွာလျှင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ မိုးမိ၍ နာမကျန်းဖြစ်မည်ကိုလည်း စိုးရိမ်နေရသည်ဟု ဆိုသည်။

ယခုကဲ့သို့ စစ်ဘေးရှောင်စခန်းများကို ပြန်လည်မပြုပြင်နိုင်၍ အခက်အခဲများနှင့် ကြုံတွေ့နေရသည့်အထဲတွင် စစ်တွေမြို့ ဗုဒ္ဓဝိဟာရဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းလည်းပါဝင်သည်ဟု စခန်းတာဝန်ခံ ဦးကျော်လှက ပြောသည်။

“အခက်ခဲတွေတော့ရှိပါတယ်။ အဓိက မိုးကျလာရင် နေဖို့ အဆောင်တွေလိုပါတယ်။ စားရေးသောက်ရေးကလည်း အခက်အခဲရှိပါတယ်။ မိုးမရွာလည်း စခန်းမှာ ရေအခက်အခဲ၊ မိုးရွာရင်လည်း နေစရာနေရာအခက်အခဲဖြစ်နေပါတယ်” ဟု ၎င်းကပြောသည်။

စခန်းကို အသေအချာမပြုပြင်နိုင်ပါက ယခုနှစ်မိုးရာသီတွင် နေထိုင်ရန် အဆင်ပြေမည်မဟုတ်ကြောင်း၊ စားရေးသောက်ရေး အခက်အခဲကြုံတွေ့နေရချိန်တွင် လူနေအိမ်များကိုပြုပြင်ရန် မတတ်နိုင်၍ စိတ်မကောင်းဖြစ်မိကြောင်း အမ်းမြို့ ပဲပဒုံစစ်ဘေးစခန်းဘေးရှောင်စခန်း တာဝန်ခံ ဦးသန်းချိုက ပြောသည်။

“ဒီစခန်းမှာက စစ်ဘေးရှောင် လေးထောင်ကျော်လောက် ခိုလှုံနေထိုင်နေကြပါတယ်။ အဆောင်တွေကိုတော့ အများအားဖြင့် ဝါး၊ ဓနိနဲ့သာ ဆောက်လုပ်နေကြတာဖြစ်တဲ့အတွက် နှစ်တိုင်း မိုးမကျမီ ပြန်လည်ပြုပြင်ဖို့လိုပါတယ်။ အခုဆိုရင် မိုးလည်းလာတော့မယ်ဆိုတော့ ယိုင်လဲ ယိုယွင်းပျက်စီးနေတဲ့ နေအိမ်အဆောင်တွေကို အမြန်ပြင်ဖို့ လိုနေပါတယ်။ မိုးတွင်းမှာ လူနေထိုင်ဖို့ အဆင်ပြေအောင် အဆောင်တွေကို အမြန် ပြုပြင်ရပါမယ်” ဟု ၎င်းကပြောသည်။

၎င်းစစ်ဘေးရှောင်စခန်းအခြေအနေနှင့်ပတ်သက်၍ လွန်ခဲ့သည့်အပတ်က ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအား တင်ပြခဲ့သော်လည်း ယခုချိန်အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာ ခြောက်လခန့်ကြာမြင့်နေပြီ ဖြစ်သော်လည်း အများစု စစ်ဘေးရှောင်များမှာ မူလနေထိုင်ခဲ့ရာ ကျေးရွာများသို့ ပြန်နိုင်ခြင်းမရှိတော့ပေ။

ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC) ၏ စာရင်းအရ လုံခြုံရေးနှင့် စားနပ်ရိက္ခာအခက်အခဲကြောင့် နေရပ်မပြန်နိုင်သည့် စစ်ဘေးရှောင် တစ်သိန်းကျော်ခန့် စစ်ဘေးရှောင်စခန်းများတွင် ဆက်လက်ရှိနေသေးကြောင်း သိရသည်။

နေရပ်များသို့ ပြန်သူတစ်ချို့ရှိသော်လည်း ၎င်းတို့မှာ အစိုးရ၏အကူအညီမပါဘဲ ကိုယ့်စရိတ်ဖြင့်ကိုယ် နေရပ်ပြန်နေကြရခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...