လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်လုပ်ရှားသည့်သပိတ် ဖြိုခွင်းခံရပြီးနောက် ဖမ်းဆီးခံရသော ပြည်သူ ၁၄ ဦးအနက် ရှစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။
အဆိုပါ ရပ်ကွက်တွင် ပြီးခဲ့သည့် မေ ၁၂ ရက်က စစ်အာဏာရှင်စနစ် ဆန့်ကျင်လုပ်ရှားသည့်သပိတ် ပြုလုပ်ခဲ့ရာ အာဏာသိမ်းစစ်ကောင်စီအုပ်စုက လာရောက်ပစ်ခတ်ဖြိုခွင်းခံရခြင်းဖြစ်ပြီး ၁၈ နှစ်မပြည့်သေးသည့် အမျိုးသမီးများအပါအဝင် စုစုပေါင်း ၁၄ ဦး ဖမ်းဆီးခံရကာ မေ ၁၃ ရက် ညပိုင်းတွင် ရှစ်ဦးပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း သပိတ်ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖမ်းဆီးခံရသူများထဲတွင် အမျိုးသမီး ၁၀ ဦးနှင့် အမျိုးသားလေးဦးပါဝင်ပြီး အမျိုးသမီး ခြောက်ဦး၊ အမျိုးသား နှစ်ဦး ပြန်လည်လွတ်မြောက်လာခဲ့ကြောင်းနှင့် ကျန်သည့်ဖမ်းဆီးခံရဆဲ ပြည်သူထဲ မသန်စွမ်းအမျိုးသမီးတစ်ဦး ပါဝင်နေကြောင်း သိရသည်။
ဖမ်းဆီးခံရသည့် ပြည်သူများ ပြန်လည်လွတ်မြောက်ရေးအတွက် ပြည်နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၊ ရပ်ကွက်တွင်း ရပ်မိရပ်များ၊ သပိတ်ကော်မတီတို့မှ စစ်ကောင်စီနှင့် ညှိနှိုင်းလုပ်ဆောင်ခဲ့ရကြောင်း ဆိုသည်။
ဖမ်းဆီးခံဆဲ ပြည်သူများကို ပုဒ်မ ၅၀၅ ဖြင့် စွဲချက်တင်မည့်အခြေအနေရှိပြီး ညှိနှိုင်းမှုအရ ရပ်ကွင်းတွင်း ပြည်သူ့အတားအဆီးရှင်းလင်းပေးခြင်းနှင့် သပိတ်ရပ်နားပေးလျှင် တစ်ဦးချင်းစီ လျော့ပေါ့စီစဉ်ပေးမည်ဟု ဆိုသည်။
လွိုင်ကော်မြို့ရှိ ရပ်ကွက်အချို့တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကန့်ကွက်သည့်သပိတ်ကို နေ့စဉ်ပြုလုပ်လျက်ရှိပြီး စစ်ကောင်စီအုပ်စုက လာရောက်ဖြိုခွင်းမှုများ ရှိနေသကဲ့သို့၊ အရပ်ဝတ်ဖြင့် သေနတ်ကိုင်ဆောင်ပြီး အိမ်စီးကားများဖြင့် ရပ်ကွက်အတွင်းလှည့်လှည်၍ ပတ်ခတ်မှုများလည်း ရှိကြောင်း သိရသည်။
ကယားပြည်နယ်ရှိ ဒီမော့ဆိုမြို့နယ်တွင် စစ်ကောင်စီကို ဆန့်ကျင်သည့် မြို့နယ်လုံးကျွတ်သပိတ်ကို နှစ်ရက်ခြားတစ်ခါ ပြုလုပ်လျက်ရှိပြီး ကျန်သည့်မြို့များတွင် မြို့နယ်အလိုက် မပြုလုပ်တော့ခြင်းမရှိတော့ဘဲ ရပ်ကွက်အလိုက် စုပေါင်းပြီး ပြုလုပ်လျက်ရှိကြောင်း သိရသည်။
စစ်တပ်ကအာဏာသိမ်းပြီးနောက် ကယားပြည်နယ်ရှိ ပြည်သူလူထုများမှ အာဏာရှင်စနစ်ကို နည်းမျိုးစုံဖြင့် ဆန့်ကျင်ကန့်ကွက်လျက်ရှိကာ မေ ၁၃ ရက်အထိ စစ်ကောင်စီအုပ်စုက ကျည်အစစ်ဖြင့်ပတ်ခတ်မှုကြောင့် သေဆုံးသူလေးဦးရှိပြီး ဖမ်းဆီးခံရသူ အများအပြားရှိခဲ့သည်။
Published
Friday, May 14, 2021
လွိုင်ကော်တွင် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသော ပြည်သူ ၁၄ ဦးအနက် ရှစ်ဦး ပြန်လွတ်မြောက်လာ