စစ်ကောင်စီနှင့် အပစ်ရပ်စဲမှုပျက်ပြယ်ပြီးနောက် မင်းတပ်မြို့တွင် မေ ၁၂ ရက် ညပိုင်းမှစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားကာ အာဏာသိမ်းစစ်ကောင်စီက ကျောက်ထုမြို့မှ လက်နက်အကြီး၊ အမြောက်ကျည်ဆံများဖြင့် မင်းတပ်မြို့သို့ တောက်လျှောက်ပစ်ခတ်မှုကြောင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ဦးကျဆုံးကာ လေးဦးဒဏ်ရာရရှိကြသည်ဟု သိရသည်။
“ဒီမနက် ၆ နာရီလောက်က တိုက်နေတာ သူတို့ဘက်က ကျောက်ထုလေယာဉ်ကွင်းကနေ လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတယ်။ ပစ်လိုက် တက်လာလိုက်လုပ်နေတယ်။ ကျွန်တော်တို့ကလည်း အသက်နဲ့ရင်းပြီး မြို့ကိုကာကွယ်ထားပါတယ်။ မြို့ပေါ်ကိုတော့ လက်နက်ကြီးနဲ့မပစ်ဘူး။ ကျွန်တော်တို့ CDF တပ်ဖွဲ့တွေရှိတဲ့ နေရာလောက်ကိုပေါ့။ သုံးမိနစ်ခြားတစ်ခါလောက် ပစ်နေတာ" ဟု မင်းတပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီဘက်က ပစ်ခတ်လိုက်သော အမြောက်ဆံကျည်ထိမှန်မှုကြောင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ရပြီး လေးဦးဒဏ်ရာရရှိသော်လည်း စိုးရိမ်စရာမရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
ကျောက်ထုမြို့သို့ စစ်ကူအဖြစ် စစ်ကားသုံးစီး ထပ်မံရောက်ရှိနေပြီး မင်းတပ်မြို့ဘက်သို့ စစ်ကားနှစ်စီး တက်လာနေကြောင်း သိရသည်။
ယခုလက်ရှိအခြေအနေအရ ချင်းပြည်နယ် မြို့နယ်များအားလုံးအနေဖြင့် အတူတကွ ပူးပေါင်းပါဝင်လှုပ်ရှားရန် အရေးကြီးပြီဟုလည်း မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ ဘာကြောင့် ခုချိန်ထိ အတူတူမလှုပ်ရှားသေးတာလဲ။ ကျွန်တော်တို့ ညီနောင်တွေအားလုံး အချင်းချင်းပါဝင်မယ်။ တိုက်ခိုက်မယ်ပြောထားရဲ့သားနဲ့ ကျန်နေသေးတဲ့မြို့တွေ ဘာကြောင့်မလှုပ်ရှားကြသေးတာလဲ" ဟု ၎င်းကပြောသည်။
အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ဆန္ဒဖော်ထုတ်မှုကြောင့် အဖမ်းခံရသည့် မင်းတပ်မြို့ဒေသခံ ၅ ဦးကို စစ်ကောင်စီဘက်က ပြန်လည်လွှတ်ပေးခြင်းမရှိသည့်အတွက် မေ ၁၂ ရက် မွန်းလွဲပိုင်းမှစ၍ စစ်ကောင်စီနှင့် မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အကြား သဘောတူထားသည့် အပစ်ခတ်ရပ်စဲမှုသည် ပျက်ပြယ်သွားခဲ့ပြီး မေ ၁၂ ရက် ညပိုင်းက မင်းတပ်မြို့တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သည်။
ယမန်နေ့ညက မင်းတပ်မြို့တွင် စစ်ကောင်စီနှင့် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ လေးနေရာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၂၇၄ တပ်ရင်း၊ ရဲစခန်း၊ ဘဏ်အနီးစသည့်နေရာများတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
Published
Friday, May 14, 2021
စစ်ကောင်စီက လက်နက်ကြီးဖြင့် မင်းတပ်ဘက်သို့ တောက်လျှောက်ပစ်ခတ်ရာ မင်းတပ်ကာကွယ်ရေးတပ်မှ တစ်ဦးကျဆုံးပြီး လေးဦးဒဏ်ရာရရှိ