၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံ၌ မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက် ၂ ရက်အကြာတွင် ရွေးကောက်ခံ အရပ်သားအစိုးရအားဖြုတ်ချခဲ့သော စစ်တပ်၏အဓမ္မလုပ်ရပ်ကို ဆန့်ကျင်သည့်အနေဖြင့် မြန်မာဆရာဝန်များသည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သည်။
ဤလှုပ်ရှားမှုကို အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement - CDM) ဟု လူသိများလာခဲ့သည်။ ထို့နောက် အခြားသော ကျန်းမာရေး၀န်ထမ်းများဖြစ်သည့် သူနာပြုများ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ အင်ဂျင်နီယာများ၊ ဆရာ/ဆရာမများ အပါအ၀င် အခြားသောနယ်ပယ်အသီးသီးမှ ၀န်ထမ်းများသည်လည်း CDM လှုပ်ရှားမှုသို့ ပူးပေါင်းပါ၀င်လာခဲ့ကြသည်။ ဤတွင် အခြားသော အသက်မွေး၀မ်းကျောင်းမှုလုပ်ငန်းများနှင့်မတူသော မြန်မာဆေးပညာရှင်များ အထူးသဖြင့် CDM ကို ဦးဆောင်နေသော ဆရာဝန်များအနေဖြင့် ကျင့်ဝတ်ဆိုင်ရာပြဿနာသည် ငြင်းခုံစရာဖြစ်လာသည်။
စစ်တပ်၏ အဓမ္မလုပ်ရပ်ကိုဆန့်ကျင်သည့် လှုပ်ရှားမှုသည် မြန်မာ့ဆေးပညာလောကတွင် ယခုမှ ပထမဦးဆုံးအကြိမ် ပေါ်ပေါက်လာသည် မဟုတ်ပါ။ လွန်ခဲ့သော ၆ နှစ်ခန့် ဖြစ်သော ၂၀၁၅ တွင် ပေါ်ပေါက်ခဲ့သည့် ဖဲကြိုးနက်လှုပ်ရှားမှုဟုခေါ်တွင်သော Black Ribbon Movement သည် ကျန်းမာရေး၀န်ကြီးဌာနအတွင်း စစ်တပ်၏ မတရားနေရာယူမှုကို ဆန့်ကျင်သော ပထမဆုံးသော ဆန္ဒထုတ်ဖော်မှုဖြစ်သည်။
လက်ရှိအာဏာသိမ်းမှုတွင် CDM မှတစ်ဆင့် မြန်မာနိုင်ငံရှိဆရာဝန်များ၏ ဆန္ဒထုတ်ဖော်မှုသည် တိုင်းပြည်အတွက်တရားမျှတမှုရရှိစေရန် တောင်းဆိုခြင်းဖြစ်ပြီး အုပ်ချုပ်မှုစနစ်ကိုပြင်ဆင်မှသာ ပျက်စီးယိုယွင်းနေသော ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲရေးအတွက်လည်း သော့ချက်တစ်ခုဖြစ်ကြောင်း နားလည်ကြသူများလည်းဖြစ်သည်။ ပြည်သူ့၀န်ထမ်းများ၏ CDM တွင်ပါ၀င်ရန် ဆုံးဖြတ်ချက်သည် မိမိ၏ လက်ရှိအလုပ်အကိုင်၊ ပုံမှန်၀င်ငွေနှင့် ရာထူးတိုးရန် အခွင့်အလမ်းများကို စွန့်လွှတ်လိုက်ခြင်းပင်ဖြစ်သည်။ မိမိတို့၏ နေထိုင်မှုဘ၀ကိုရင်းပြီး CDM တွင် ပါ၀င်ကြခြင်းသည် အံ့သြဖွယ်ကောင်းသော အပြုအမူတစ်ခုဟု ဆိုကြရပေမည်။
CDM လှုပ်ရှားမှုတွင်ပါ၀င်သော ကျန်းမာရေးစောင့်ရှောက်မှု၀န်ထမ်းများသည် COVID-19 ကို ကာကွယ်ထိန်းချုပ်ကုသရာတွင်လည်း ရှေ့တန်းမှ ပါ၀င်ခဲ့သူများဖြစ်သည်။ COVID-19 ပြဿနာကို မနားမနေ ခုခံပေးခဲ့ကြပြီး ကိုဗစ်ကာကွယ်ဆေးအား အရှေ့တောင်အာရှတွင် ဒုတိယအစောဆုံး ထိုးနှံခွင့် ရရှိခဲ့ကြသည်။ ရွေးကောက်ခံ အစိုးရအသစ်ဖွဲ့စည်းပြီး တိုင်းပြည်ပုံမှန်လည်ပတ်ရန် မျှော်လင့်စောင်ံ့စားနေကြသော အချိန်တွင် စာနာမှုကင်းသော စစ်တပ်မှအာဏာသိမ်းမှုကို ရင်ဆိုင်ခဲ့ကြရသည့်အခါ စစ်အာဏာရှင်အား ရှေ့တန်းစစ်မျက်နှာတွင် ဆက်လက်တိုက်ပွဲ၀င်ရန် ရွေးချယ်ခဲ့ကြသည်။ CDM တွင်ပါ၀င်သော်လည်း ကျန်းမာရေးစောင့်ရှောက်မှု ခါးဆက်မပြတ်ရလေအောင် အစိုးရဆေးရုံမဟုတ်သော အခြားနေရာများတွင် လိုအပ်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်အောင် လုပ်ဆောင်ပေးသည်။ ဘုန်းကြီးကျောင်းများ၊ ပရဟိတဆေးခန်းများ၊ မိုဘိုင်းဆေးခန်းများ သို့မဟုတ် အွန်လိုင်းမှတဆင့် ကုသလမ်းညွှန်မှုပေးကြသည်။ သို့သော် ထိုသို့လိုအပ်နေသူများအား တဖက်တလမ်းမှ ကူညီစောင့်ရှောက်မှု မပေးနိုင်အောင် ဖမ်းဆီးထိန်းသိမ်းခြင်းခံကြရသည်။ ဤဖမ်းဆီးထိန်းသိမ်းခြင်းများသည် လူ့အခွင့်အရေးနှင့် လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာဥပဒေနှင့် ဆန့်ကျင်သည့်အတွက် လက်ခံနိုင်ဖွယ်ရာ မရှိချေ။
မြန်မာနိုင်ငံရှိ ပြည်သူ့ကျန်းမာရေး၀န်ဆောင်မှုကဏ္ဍတွင် တာ၀န်ထမ်းဆောင်နေသူများအဖို့ ပုံမှန်ပိတ်ရက်နှင့် နံနက်၊ မွန်းလွဲ၊ ညဆိုင်း တာ၀န်များအပြင် ၂၄ နာရီ တာ၀န်ထမ်းဆောင်ရန် ဆရာ၀န်များအနေဖြင့် တစ်လတွင် ၅ ရက်မှ ၁၅ ရက် အလုပ်လုပ်ကြရပြီး သူနာပြုများအနေဖြင့် တစ်လတွင် ၆ ရက်မှ ၁၂ ရက်အထိ အလုပ်လုပ်ကြရသည်။ တိုက်နယ်ဆေးရုံများတွင် တာ၀န်ထမ်းဆောင်နေသော ဆရာ၀န်များအနေဖြင့် နေ့စဉ် ၂၄ နာရီပါတ်လုံး အရေးပေါ်လုပ်ငန်းခွင်ဖြစ်နိုင်သည်။ ပြည်သူ့ကျန်းမာရေး၀န်ဆောင်မှုကဏ္ဍတွင် ပေးအပ်သော လစာနှုန်းထားများသည် ၀န်ကြီးဌာနများအကြား တပြေးညီသတ်မှတ်ထားသည့်အပြင် လုပ်ခလစာအားဖြင့်လည်း နိမ့်ပါးလှသည်။ ပျှမ်းမျှအားဖြင့် ပြည်သူ့၀န်ထမ်းဆရာ၀န်များ၏ လစဉ်လစာသည် အမေရိကန်ဒေါ်လာ ၂၀၀ နှင့်ညီမျှသည်။ ၎င်းတွင် နေထိုင်ရန်နေရာ၊ သယ်ယူပို့ဆောင်ရေးနှင့် အခြားအကျိုးခံစားခွင့်များပါဝင်ပြီးဖြစ်သည်။ စိတ်အားထက်သန်မှု၊ မိမိအလုပ်ပေါ် ချစ်မြတ်နိုးမှုနှင့် ပရော်ဖက်ရှင်နယ်ဆန်သော ခံယူချက်တို့သည် လစာနည်းပါးသော ပြည်သူ့၀န်ထမ်းဆရာ၀န် အလုပ်အား ဆက်လုပ်လုပ်ကိုင်ဖို့ရန် အဓိက တွန်းအားပေးသော အကြောင်းအရာများဖြစ်သည်။
အခြေခံလူနေမှုကုန်ကျစရိတ်ကိ ဖူလုံစေရန်အတွက် ပုဂ္ဂလိကကျန်းမာရေး၀န်ဆောင်မှုလုပ်ငန်းများတွင် အချိန်ပိုင်းလုပ်ကိုင်ရခြင်းလည်းရှိသည်။ ယခုအချိန်အထိ ဤဆရာဝန်များသည် လုပ်ခနည်းပါးခြင်း သို့မဟုတ် အလုပ်တာ၀န်များပြားခြင်း စသည့် ပြဿနာများအတွက် ဆန္ဒထုတ်ဖော်မှု မပြုခဲ့ပါ။ သို့သော် နိုင်ဂျီးရီးယား၊ ဆီယာရာလီယွန်၊ တောင်ကိုရီးယားနှင့်အိုင်ယာလန် စသည့်နိုင်ငံများတွင် ဆရာ၀န်များအနေဖြင့် မိမိတို့၏ အကျိုးခံစားခွင့်များ ဥပမာအားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ကောင်းမွန်လာအောင်၊ လုပ်ခလစာ ပိုမိုချီးမြှင့်အောင် သို့မဟုတ် သင့်လျော်သော အလုပ်ချိန်သတ်မှတ်ပေးရန်အတွက် အလုပ်မသွားဘဲ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။ ထိုသို့ ဆန္ဒထုတ်ဖော်မှုများတွင် လူနာများ အသက်ပိုမိုသေဆုံးခဲ့ခြင်းများ မရှိခဲ့ပါ။ ဆရာဝန်များသပိတ်မှောက်မှုနှင့် လူနာသေဆုံးမှုကြားဆက်စပ်မှုကို လေ့လာသော သုတေသနများတွင်လည်း ဆက်စပ်မှုကို သက်သေမပြနိုင်ခဲ့သည့်အပြင် မလိုအပ်သော ခွဲစိတ်မှုများအား လျှော့ချခြင်းနှင့် အရေးပေါ်စောင့်ရှောက်မှုအတွက် အရင်းအမြစ်များ ပိုမိုခွဲဝေချထားနိုင်ခြင်းတို့ကြောင့် သေဆုံးနှုန်းပင် လျှော့ကျသွားခြင်းအား တွေ့ရှိရသည်။
မြန်မာနိုင်ငံရှိ ပြည်သူ့ကျန်းမာရေး၀န်ဆောင်မှုကဏ္ဍသည် ရာစုနှစ်၀က်ကြာ စစ်အစိုးရလက်အောက်တွင် ကာလကြာမြင့်စွာ လျစ်လျူရှုခံထားရပြီးနောက် ၂၀၁၆ ခုနှစ်တွင် အရပ်သားအစိုးရဆီသို့ ကူးပြောင်းချိန်မှ စ၍ သိသိသာသာ တိုးတက်လာသည်။ အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အသုံးစရိတ်မှာ သိသာသာတိုးတက်လာခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုဏ္ဍအတွက် တိုင်းပြည်၏စုစုပေါင်းပြည်တွင်းထုတ်ကုန် (ဂျီဒီပီ) ၏ ၁.၈၅% သုံးစွဲခဲ့သော်လည်း ၂၀၁၇ ခုနှစ်တွင် ၄.၆၆% အထိ တိုးမြင့် သုံးစွဲခဲ့သည်။ လူတိုင်းလက်လှမ်းမှီနိုင်သည့် ကျန်းမာ ရေး လွှမ်းခြုံမှု (Universal Health Coverage)ရရှိရန်ခိုင်မာသည့်နိုင်ငံရေးကတိက၀တ် ပြုမှုလည်း ဖြစ်သည်။ ရလဒ်အနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနအား အခမဲ့ဆေးဝါးတစ်ခုတည်းအတွက် ဒေါ်လာ ၁၀၂ သန်း (၁၄၃ ဘီလီယံကျပ်နှင့်ညီမျှသည်) ခွဲဝေချပေးခဲ့သည်။ အစိုးရဆေးရုံမျာတွင် မရှိမဖြစ်လိုအပ်သော အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုပေးနိုင်ခဲ့သည်။
အစိုးရအနေဖြင့် ကာာကွယ်ဆေးများအတွက် ကမ္ဘာလုံးဆိုင်ရာမဟာမိတ်အဖွဲ့ (GAVI) နှင့်အတူ ကာကွယ်ဆေးများအတွက် ပူးတွဲငွေကြေးထောက်ပံ့ရန် ကတိပြုခဲ့သည်။ ထိုအစီအစဥ်မှတဆင့် GAVI ကူညီမှုဖြင့် WHO မှ အကြံပြုထားသော ကာကွယ်ဆေးသစ်များ ထည့်သွင်းထိုးနှံပေးခဲ့သည်။ ဥပမာအားဖြင့် ၂၀၁၅ ခုနှစ်တွင် ဂျိုက်သိုးနှင့် ပိုလီယိုရောဂါကာကွယ်ဆေး၊ ၂၀၁၈ ခုနှစ်တွင် ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါကာကွယ်ဆေး၊ ၂၀၂၀ တွင် ရိုတာဗိုင်းရပ်စ်နှင့် မွေးပြီးစကလေးများ အသည်းရောင်အသား၀ါရောဂါ ကာကွယ်ဆေးနှင့် များမကြာသေးမီက သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးဟု လူသိများသော Human Papillomavirus vaccine ကို ထပ်မံထည့်သွင်းခဲ့သည်။ ဤအခြေအနေများသည် မြန်မာ့ကာကွယ်ဆေးထိုးနှံခဲ့သည့် သမိုင်းတွင် အလွန်ကြီးမားသော တိုးတက်ပြောင်းလဲမှုများပင် ဖြစ်ပေသည်။
ဤတိုးတက်ဖြစ်ထွန်းမှုများသည် ပြည်သူနှင့် ပညာရှင်အား အလေးထားသော အရပ်သားအစိုးရလက်ထက်၌သာ ပြုလုပ်နိုင်သည့် လက်တွေ့ကျသော ဥပမာအချို့သာဖြစ်သည်။ ထို့ကြောင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ဆရာဝန်များသည် စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်ရာ၌ ရှေ့တန်းတွင် ရှိနေခြင်းပင်ဖြစ်သည်။
မှတ်ချက် - ဒေါက်တာဆုမြတ်ဟန်၊ ဒေါက်တာခင်ဇေယျာမြင့်နှင့် ဒေါက်တာကျော်ဆန်းလင်းတို့မှာ နိုင်ငံတကာပညာတော်သင်များနှင့် ပညာရှင်မျာ:အဖွဲ့အစည်း International Society of Myanmar Scholars and Professions (ISMSP-MM) ၏ အသင်းဝင်များဖြစ်သည်။