မော်လမြိုင်တက္ကသိုလ် ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်နေသော ဆရာ/ဆရာမ ၁၂၆ ဦးကို တာဝန်မှ ယာယီရပ်ဆိုင်းကြောင်း ပြီးခဲ့သည့်မေ ၆ ရက်က မော်လမြိုင်တက္ကသိုလ်ပါမောက္ခချုပ်က အမိန့်စာထုတ်ပြန်ခဲ့သည်။
အဆိုပါ ဆရာ/ဆရာမများသည် ခွင့်စည်းကမ်းကိုဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ လုံလောက်သော အကြောင်းပြချက်မရှိဘဲ တာဝန်ချိန် ပျက်ကွက်နေခြင်းတို့ကြောင့် နိုင်ငံဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ ၁၆၁၊ နည်းဥပဒေခွဲ (ဃ)၊ နည်းဥပဒေ ၁၇၀၊ နည်းဥပဒေခွဲ (က) နှင့် နည်းဥပဒေ ၁၇၃၊ နည်းဥပဒေခွဲ (ခ) အရ ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှစ၍ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း အမိန့်စာတွင် ဖော်ပြထားသည်။
ယင်းကဲ့သို့ တာဝန်ယာယီရပ်ဆိုင်းခဲ့ရာတွင် ဌာနအသီးသီးမှ ပါမောက္ခ (ဌာနမှူး) နှစ်ဦး၊ ပါမောက္ခတစ်ဦး၊ တွဲဖက်ပါမောက္ခ ၁၂ ဦး၊ ကထိက ၉၃ ဦး၊ လက်ထောက်ကထိက ၁၈ ဦးတို့ပါဝင်ကြောင်း သိရသည်။
အလားတူ မေ ၆ ရက်တွင်ပင် မော်လမြိုင်နည်းပညာတက္ကသိုလ် ဌာနအသီးသီးမှ ဆရာ/ဆရာမ ၁၀ ဦးကိုလည်း လုံလောက်သောအကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်ခြင်းနှင့် ခွင့်စည်းကမ်းများကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်းတို့ကြောင့် နိုင်ငံဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ ၁၇၂ အရ ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှစ၍ တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း သိရသည်။
သို့ရာတွင် မေ ၅ ရက်က မော်လမြိုင်တက္ကသိုလ်တွင် မဟာအတန်းနှင့် စတုတ္ထနှစ်အတန်းတို့ကို စတင်ဖွင့်လှစ်ခဲ့သော်လည်း တက်ရောက်သင်ကြားသည့် ကျောင်းသား/သူ ဦးရေ အနည်းငယ်မျှသာ တွေ့ရှိခဲ့သည်။
ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်တက္ကသိုလ်တွင်လည်း ဆရာ/ဆရာမ ၉၅ ဦးနှင့် စာရင်းကိုင် ၄၉ ဦးတို့ကိုလည်း တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ကြောင်း မေ ၆ ရက်က အမိန့်စာထုတ်ပြန်ခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် တွေ့ရသည်။