ဂန့်ဂေါမြို့နယ် သာကောင်းကျေးရွာအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက်မပြည့်သူ လူငယ်တစ်ဦးကို စစ်ကောင်စီ ပစ်သတ်

ဂန့်ဂေါမြို့နယ် သာကောင်းကျေးရွာအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက်မပြည့်သူ လူငယ်တစ်ဦးကို စစ်ကောင်စီ ပစ်သတ်

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ကံနှင့် လက်ပံကြား သာကောင်းကျေးရွာတွင် မတ် ၃ ရက်နေ့မှစတင်ကာ မေ ၅ ရက် နေ့လည်ပိုင်းထိ အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ စစ်ကောင်စီက အသက်မပြည့် လူငယ်တစ်ဦးအား ပစ်သတ်ခဲ့ပြီး အနီးနားရှိပြည်သူများလည်း ထွက်ပြေးတိုင်းရှောင်နေရသည်ဟု ဒေသခံတစ်ဦးကပြောသည်။

 

"သူတို့က ရွာထဲကို အတင်းဝင်လာပြီးပစ်တာ။ အပစ်ခဏရပ်တဲ့အချိန်မှာ ပစ်ခတ်တာမရှိတော့ဘူးထင်ပြီး အသက် ၁၇ လောက်ဘဲရှိတဲ့ လူငယ် တစ်ယောက်က ရွာထဲကိုဝင်တဲ့အချိန်မှာ သူတို့ပစ်သတ်သွားတယ်။ ကျွန်တော်တို့က မခံချင်စိတ်နဲ့သာ တူမီးနဲ့ပြန်ခံပစ်နေရတာ ဘာမှမလုပ်နိုင်ဘူး။ သူတို့ဘက်က ထိခိုက်မှုရှိ/မရှိတော့ မသိရသေးဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။

 

သာကောင်းကျေးရွာရှိ ပြည်သူများနှင့် ဝန်ထမ်းများသည် တစ်ရွာလုံး CDM လုပ်ထားကြပြီး အာဏာသိမ်းစစ်ကောင်စီမှ အတင်းအဓမ္မကျောင်းဖွင့်ရန် ကျောင်းအုပ်ကြီးနှင့် ဂန့်ဂေါမြို့မှ ကျောင်းဆရာမတစ်ဦးတို့ ရောက်ရှိလာကာ ရွာသားများမှ မောင်းထုတ်ခြင်းကြောင့် ရဲများရောက်ရှိလာ၍ သေနတ်ပစ်ဖောက် ခြိမ်းခြောက်မှုများပြုလုပ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်က အခြေအနေအရ လိုအပ်ချက်အပေါ် ပြန်လည်တုံ့ပြန်ကြောင်း ယမန်နေ့မနက်ပိုင်း ၁၁ နာရီမှ ၁ နာရီနီးပါးထိ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

“ကျွန်တော်တို့ ပြေးနိုင်တဲ့လူအားလုံးကတော့ ထွက်ပြေးနေကြတယ် အသက်ကြီးပိုင်းတွေတော့ မပါဘူးပေါ့နော်။ ရွာသားတွေကတော့ အိမ်ကိုမရောက်ကြသေးဘူး။ တောထဲတောင်ထဲပြေးနေကြတယ်။ ကိုယ်လွတ်ပြေးလာခဲ့ရတဲ့အတွက် အစာငတ်ရေငတ်နဲ့ နေရတဲ့အနေအထားမျိုးမှာရှိနေတယ်။ နီးစပ်ရာ နီးစပ်ရာကနေပြီးတော့ ရေတိုက်တာဘာညာလောက်ပဲဖြစ်တယ်။ အစားအသောက်ပေးတဲ့အနေအထားကတော့ ကျနော်တို့လုပ်ပေးနိုင်တဲ့အနေအထားမျိုးကိုတော့ မရှိသေးပါဘူး။ ထိုနည်းတူပဲ ထီးလင်းဘက်မှာလည်း တိုက်ပွဲဖြစ်ပါတယ် ဟံသာဝတီဘက်မှာလည်း မနေ့က မြောင်းချောင်းတံတားဆိုတာရှိတယ်။ မြောင်းချောင်းတံတားနားမှာဖြစ်တဲ့အတွက် ဟံသာဝတီရွာသားတွေမဲပြီးတော့မှ သူတို့က ဟံသာဝတီရွာထဲမှာ တစ်အိမ်တက်ဆင်း လိုက်မွှေတာတွေဖြစ်နေလို့ ရွာသားတွေထွက်ပြေး ရှောင်နေရတဲ့ အနေအထားမှာရှိတယ်။ ကျွန်တော်တို့ တိတိကျကျတော့ စာရင်းမရှိသေးဘူး။ ဖမ်းဆီးသွားတာတော့ မနေ့ညနေ တစ်ယောက်ဖမ်းတယ်လို့လည်းကြားရတယ်။ ဒါပေမဲ့အခုချိန်ထိတော့ အတည်ပြုလို့မရသေးပါဘူး” ဟု ဂန့်ဂေါမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

 

သာကောင်းကျေးရွာအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်အကြား ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး ကျည်ထိမှန်ကျဆုံးပြီး လက်ရှိအချိန်ထိ အနီးအနားရှိရွာသားများမှာ နေအိမ်သို့ မပြန်ရဲသေးကြောင်းသိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...