စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ဝိတုတ်ကျေးရွာရှိ စစ်ကောင်စီနှင့်ပူးပေါင်းသော အုပ်ချုပ်ရေးမှူးနေအိမ် မေ ၄ ရက် ညပိုင်းက ပစ်ခတ်ခံရခြင်းကြောင့် အုပ်ချုပ်ရေးမှူး၏ တူမနှင့် သမီးသေဆုံးကြောင်း တမူးမြို့ဒေသခံတစ်ဦးမှ သိရသည်။
“တချို့ကတော့ ဗုံးနဲ့ပစ်တယ်တဲ့ တချို့ကတော့ သေနတ်နဲ့ပစ်တယ်တဲ့ တိုက်ခိုက်ခံရတာတော့ အမှန်ပဲ အုပ်ချုပ်ရေးမှူးကတော့ လွတ်သွားတယ်။ သူ့သမီးနဲ့ တူမသေသွားတယ်။ အမျိုးသမီးကတော့ ဒဏ်ရာအပြင်းအထန်ရတယ်လို့သိပါတယ်” ဟု တမူးမြို့ဒေသခံကပြောသည်။
ဝိတုတ်ကျေးရွာသည် ကလေး - တမူးကြား အာရှလမ်းမပေါ်တည်ရှိပြီး တမူးမြို့နယ်ထဲရှိ ကျေးရွာတစ်ရွာဖြစ်ပြီး တမူးမြို့မှ (၁၈) မိုင်အကွာတွင်တည်ရှိသည့် ကျေးရွာဖြစ်သည်။
စစ်ကောင်စီအဖွဲ့ဝင် အုပ်ချုပ်ရေးမှူးနေအိမ် တိုက်ခိုက်ခံခဲ့ရမှုနှင့်ပတ်သက်ပြီး တမူးမြို့ဒေသခံတစ်ဦးက “အဲဒီကျေးရွာမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတို့ ရာအိမ်မှူးတို့က အားလုံးက ဒလန်တွေပဲ စစ်ကောင်စီအဖွဲ့တွေနဲ့ပူးပေါင်းပြီး ဒေသခံကျေးရွာနေတဲ့သူတွေကို နှောက်ရှက်တာတို့ အမြဲလုပ်တယ် တိုင်တာတို့လုပ်တတ်တယ် အဲဒါကြောင့် ဒေသခံများက မကျေနပ်လို့ လုပ်လိုက်တာဖြစ်မယ်ထင်တယ်” ဟု ပြောသည်။