ကယား (ကရင်နီ) ပြည်နယ်ရှိ ဖရူဆိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်း ဗုံးပေါက်ကွဲမှု မေ ၄ ရက် နေ့လည် ၁၁ နာရီခွဲခန့်တွင်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
"အသံအကျယ်ကြီးပဲ။ ဗုံးနှစ်လုံးဆင့် တစ်ခါတည်းပေါက်ကွဲတာနေမှာ။ လက်ပစ်ဗုံးလို့တော့ပြောတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
ရုံးတက်နေကြသည့် ဖရူဆိုမြို့နယ်အုပ်ချုပ်မှူးနှင့် ဒု-ဦးစီးစာရေးနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။
“အထဲမှာ ရုံးတက်နေတဲ့ဝန်ထမ်းနှစ်ဦး ထိသွားတယ်။ တစ်ယောက်ကတော့ ဗိုက်မှာထိတာလို့ကြားပါတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ဗုံးပေါက်ကွဲပြီးနောက်မှာတော့ အထွေထွေအုပ်ချုပ်ရေးရုံး အနီးနားနှင့် မြို့ဝင်/မြို့ထွက်ဂိတ်များတွင် စစ်တပ်များရဲများက လုံခြုံရေးတင်းကြပ်ထားပြီး ဖြတ်သန်းသွားလာသူများကို စစ်ဆေးမေးမြန်းခြင်း၊ ဖုန်းများစစ်ဆေးခြင်း ပြုလုပ်နေသည်ဟုသိရသည်။
ပြီးခဲ့သည့် ဧပြီ ၃၀ ရက်က ဖရူဆိုမြို့ပေါ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းထံမှ စွမ်းဆောင်ရည်မြင့်တင်ရေးသင်တန်း တက်ခဲ့ကြသည့် လူငယ် ၇၀ ကျော်ကို စစ်ကောင်စီအဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောက်သွားခဲ့ပြီး သုံးရက်အကြာတွင် ယခုကဲ့သို့ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရခြင်းဖြစ်သည်။
ဖရူဆိုမြို့နယ်အုပ်ချုပ်ရေးမှူးသည် စစ်ကောင်စီကနေထုတ်ပြန်သည့် အမိန့်များအတိုင်း ပြည်သူများကိုလိုက်နာရန် အဆက်မပြတ်စာထုတ်ခြင်း၊ စစ်အာဏာရှင်ဆန္ဒပြပြည်သူများကို ဖိအားပေးခြင်း စသည့်လုပ်ရပ်များကို ဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်း ဒေသခံပြောကြားချက်အရ သိရသည်။
Published
Tuesday, May 04, 2021
ဖရူဆိုမြို့နယ် ထွေအုပ်ရုံးအတွင်း ဗုံးပေါက်ကွဲမှု