CRPH အဖွဲ့ဝင်အဖြစ် ဦးလမာနော်အောင်ပါဝင်မှု ပါတီနှင့်မသက်ဆိုင်

CRPH အဖွဲ့ဝင်အဖြစ် ဦးလမာနော်အောင်ပါဝင်မှု ပါတီနှင့်မသက်ဆိုင်
by -
ခေါင်ညွယ် (KNG)

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အဖွဲ့ဝင်အဖြစ် ကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP မှ အင်ဂျန့်ယန်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလမာနော်အောင်ပါဝင်ခြင်းက ပါတီကိုယ်စားပြုမဟုတ်ပဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်သာဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် ၎င်းသည် KSPP ပါတီမှ တရားဝင်နုတ်ထွက်မထားသော်လည်း ပါတီတာဝန်များကို ရပ်နားထားကြောင်း သိရသည်။

 

“CRPH မှာ ပါဝင်တဲ့အတွက် တနိုင်ငံလုံး အာဏာရှင်စနစ်ဆန့်ကျင်နေတဲ့အချိန်မှာ ပူးပေါင်းပါဝင်ရာလည်းရောက်တယ်။ ပြည်သူလူထုအားလုံးရဲ့အားပေးထောက်ခံမူလည်း ရရှိလာမယ်လို့ယုံကြည်တယ်။ ပြီးရင် ကျနော်တို့ ကချင်အမျိုးသားတွေရဲ့အသံကိုလည်း ပိုပြီး ထွက်ဆိုနိုင်မယ်လည်းယုံကြည်တယ်။ ဒါ့ကြောင့် ဒီအချက်တွေကိုစဥ်းစားပြီး ဆုံးဖြတ်ခဲ့တာပါ” ဟု ဦးလမာနော်အောင်က ကချင်သတင်းဌာန KNG ကို ပြောသည်။

 

ဦးလမာနော်အောင်သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် (KSDP) နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် (KSPP) ပေါင်းစည်းပါတီအဖြစ် အင်ဂျန့်ယာန်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဆက်တိုက်အနိုင်ရရှိထားသူတစ်ဦးဖြစ်သည်။

 

ဦးလမာနော်အောင်အနေဖြင့် CRPH အဖွဲ့ဝင်အဖြစ် ပါဝင်လိုက်ခြင်းသည် သူ၏သဘောဆန္ဒအတိုင်းသာဖြစ်သည့်အတွက် KSPP ပါတီမှ တစ်စုံတစ်ရာ ပြောဆို၍မရနိုင်သေးကြောင်း KSPP ပါတီဥက္ကဌ ဒေါက်တာမနမ်တူးဂျာက ပြောသည်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုယ်စားလှယ်များက အာဏာသိမ်းပြီး ၅ ရက်အကြာတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် ၂ ဦး ထပ်မံထည့်သွင်းခဲ့သည်။

 

ထို့နောက် ဧပြီ ၂၆ ရက်တွင် ဦးလမာနော်အောင်အပါအဝင် သုံးဦးကို CRPH ၏ အဖွဲ့ဝင်များဖြင့် ထပ်မံတိုးချဲ့လိုက်ကြောင်း ကြေညာခဲ့သည်။

 

CRPH က ဧပြီလ ၁၆ ရက်နေ့ ဖွဲ့စည်းလိုက်သော အမျိုးသားညီညွတ်ရေးအစိုးရ NUG တွင် ဒု-သမ္မတ ဦးလရှီးလ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်နှင့် ဒု-ပညာရေးဝန်ကြီး ဂျာထွယ်ပန် စသဖြင့် ကချင်အမျိုးသားသုံးဦး ပါဝင်ထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...