ရခိုင်ပြည်နယ် ဂွမြို့တွင် အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြ၍ ဖမ်းဆီးခံရသူ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ဂွမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်အပါအဝင် လေးဦး၏အမှုကို ဧပြီ ၂၉ ရက် မနက်ဖြန်တွင် ဆက်လက်ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် တရားလိုပြသက်သေများကိုသာ စစ်ဆေးနေဆဲဖြစ်သည်ဟု သူတို့၏အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ့်က ပြောသည်။
“အခုကတော့ သက်သေတွေကို စစ်နေတယ်။ အခု ကျမလိုက်နေတဲ့အမှုတွေမှာ ၅၀၅ (က) ရှိတယ်။ ၅၀၅ (ခ) ရှိတယ်။ နောက် သဘာဝဘေးစီမံနဲ့စွဲထားတာရှိတယ်။ နောက် ငြိမ်းစုစီနဲ့စွဲထားတာရှိတယ်” ဟု ၎င်းကပြောသည်။
ဖမ်းဆီးခံထားရသူလေးဦးမှာ ဂွမြို့နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲတွင် ဂွမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် အနိုင်ရရှိခဲ့သည့် NLD မှ ဦးရဲခေါင်ညွန့်၊ ရွာမရပ်ကွက်မှ အုပ်ချုပ်ရေးမှူးဟောင်း ဦးလူနီ၊ မြို့မရပ်ကွက်မှ ဦးအောင်စိုးမင်းနှင့် ဂွမြို့နယ်ဒေသခံ ကိုနိုင်လင်းတို့ဖြစ်ကြသည်။
၄င်းတို့ထဲမှ ကိုနိုင်လင်းအား ၅၀၅ (က)၊ ဦးရဲခေါင်ညွန့်အား ၅၀၅ (ခ) နှင့် အားပေးကူညီမှု ပုဒ်မ ၁၁၄၊ ဦးလူနီအား ၅၀၅ (ခ) နှင့် အားပေးကူညီမှု ပုဒ်မ ၁၁၄၊ ကိုအောင်စိုးမင်းအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ နှင့် ငြိမ်းစုစီပုဒ်မတို့ဖြင့် တရားစွဲဆိုထားကြောင်း ရှေ့နေ ဒေါ်နွဲ့နွဲ့ငြိမ့်ကပြောသည်။
ဆန္ဒပြသူများအား ဖမ်းဆီးထားသည့်အတွက် စိုးရိမ်မိကြောင်း ဦးရဲခေါင်ညွန့်၏ဇနီးဖြစ်သူ မခင်ထားနွယ်ကပြောသည်။
“သူတို့အခြေအနေက အခုနိုင်ငံရေးအခြေအနေကိုပဲ စောင့်ကြည့်ရမှာလားပေါ့။ သူတို့ကို ဘယ်ပုဒ်မတွေနဲ့ ဘယ်လိုချမှတ်သွားမှာလဲပေါ့။ အဲဒါတွေကိုတော့ စိတ်ပူတယ်” ဟုပြောသည်။
၄င်းတို့သည် ဖေဖော်ဝါရီလအတွင်းက အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။