ဖမ်းဆီးခံရသည့် ANP ပါတီမှ တောင်ကုတ်မြို့နယ် ဒု-ဥက္ကဌအပါအဝင် လေးဦး ပြန်လည်လွတ်မြောက်လာ

ဖမ်းဆီးခံရသည့် ANP ပါတီမှ တောင်ကုတ်မြို့နယ် ဒု-ဥက္ကဌအပါအဝင် လေးဦး ပြန်လည်လွတ်မြောက်လာ
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ ရခိုင်အမျိုးသားပါတီ (ANP) ဒု-ဥက္ကဋ္ဌ ဦးဝေသောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဟောင်း ဦးစန်းငွေနှင့် လူမှုရေးလုပ်ငန်းများလုပ်ဆောင်သူ ဦးစည်သူကျော်ဇံ (ခ) ကိုမိုက်ကယ်တို့ကို ယမန်နေ့ (ဧပြီ ၂၆ ရက်) ၌ တောင်ကုတ်မြို့နယ်တရားရုံးက လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

၄င်းတို့အား ယမန်နေ့ရုံးချိန်းတွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း အမှုအား လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်ကပြောသည်။

“အမိန့်ချတယ်ပေါ့နော်။ တရားလိုက သံသယနဲ့တရားစွဲတယ်လို့ပဲ ရုံးတော်က သုံးသပ်တယ်။ ဒီတရားခံတွေပေါ်မှာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ (၂၅၈၊၁) အရ တရားသေလွှတ်လိုက်ပါတယ်။ လေးယောက်စလုံးလွတ်လာပြီ” ဟုပြောသည်။

ဦးဝေသောင်း၏သမီးဖြစ်သူ မနှင်းဝေဝေဖြိုးက “အဖေတို့လွတ်လာလို့ သိပ်ဝမ်းသာပါတယ်” ဟုပြောသည်။

၄င်းတို့သည် ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်သည်ဟု စွပ်စွဲချက်များဖြင့်ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅ဝ(က)၊ ၅၂ (က) တို့ဖြင့် တောင်ကုတ်မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

၄င်းတို့လေးဦးမှ ဦးဇေယျကျော်ကို ၂ဝ၂ဝ ခုနစ် မေလ ၉ ရက်နေ့တွင် တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး မေ ၉ ရက်တွင် ဦးစန်းငွေ  ကို ထပ်မံဖမ်းဆီးခဲ့သည်။

ယင်းနောက် ဦးဝေသောင်းကို မေလ ၁၁ ရက်နေ့နှင့် ဦးဇေယျကျော်၏ညီဖြစ်သူ ဦးစည်သူကျော်ဇံ (ခ) ကိုမိုက်ကယ်ကို မေ ၂၄ ရက်တွင် ထပ်မံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...