ကချင်ပြည်နယ် မိုးကောင်းမြို့အထွက် ဖားကန့်သွားလမ်းမကြီးပေါ်ရှိ သုံးမိုင်ကွေ့နားတွင် မိုးကောင်းဘက်မှတက်လာသည့် အာဏာသိမ်းစစ်တပ်၏ စစ်ကားယာဉ်တန်းများ မိုင်းခွဲခံလိုက်ရကြောင်း သိရသည်။
အဆိုပါ သုံးမိုင်ကွေ့နားတွင် ဧပြီ ၂၆ ရက်နေ့ ညနေပိုင်း ၅ နာရီခန့်က မိုးကောင်းမြို့မှ တင့်ကားသုံးစီးနှင့် စစ်သားအပြည့်တင်ဆောင်လာသည့် ကားနှစ်စီး မိုးကောင်းမြို့မှထွက်လာရာ သုံးမိုင်ကွေ့နားတွင် မိုင်းခွဲခံလိုက်ရကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။
"ဒီ မိုးကောင်းမြို့အထွက် ဘယ်ဘက်ကိုချိုးလိုက်ရင် ဆားမှော်သွားတဲ့လမ်းပေါ့ အဲ့မှာ သုံးမိုင်ကွေ့နားလောက်မှာ ဆွဲခံလိုက်ရတယ်လို့ကြားရတယ်။ ကျနော်တို့ မိုးကောင်းကနေတက်သွားလိုက်တာက တင့်ကား ၃ စီး။ နောက်ပြီး စစ်ကားကနှစ်စီး စစ်အင်အားအပြည့်ဘဲ။ ဆားမှော်ဘက်က လူတွေပြောတာက မိုင်းခွဲခံရတာက သေချာတယ်။ ဒါပေမယ့် ဘယ်နှစ်စီးထိသွားတယ်ဆိုတာက တိတိကျကျ မသိရသေးဘူးလို့ ပြောနေကြတယ်။ နောက်ပြီး ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း ပါတယ်လို့ကြားတယ်" ဟု မိုးကောင်းဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောသည်။
ယမန်နေ့ည မိုင်းခွဲတိုက်ခိုက်ခံလိုက်ရသည့်အတွက် ယနေ့နံနက်ပိုင်းမှစတင်ပြီး မိုးကောင်းမြို့အထွက် မြစ်ကြီးနားသို့သွားသည့် လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာနေသည့် ပြည်သူများ၏ဖုန်းနှင့် အခြားစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။
Published
Wednesday, April 28, 2021
မိုးကောင်းမြို့အနီး အာဏာသိမ်းစစ်တပ်၏ စစ်ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရ