မြစ်ကြီးနားမြို့မြောက်ဘက် အင်ခိုင်ဘွမ်တောင်ခြေ ငွေပျော်စံပြကျေးရွာတွင် ယမန်နေ့ (ဧပြီ ၁၇) ညနေပိုင်းက အာဏာသိမ်းစစ်တပ်မှ စစ်ကား ၂ စီးဖြင့် ကျေးရွာလူငယ်များကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
ညနေ ၆ နာရီခန့် ကျေးရွာကွန်ကရစ်လမ်းတွင်ရှိနေသော လူငယ် ၆ ဦးခန့်ကို ဆွဲခေါ်သွားသည်ဟု မျက်မြင်ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“ကလေးတွေက ပြေးနေတာတွေ့တော့ အဲမှာ အဘွားတစ်ယောက်က ငါ့သားပါသွားပြီဆိုပြီး ငိုနေတယ်” ဟုပြောသည်။
စစ်ကား ၂ စီးဖြင့် မျက်နှာဖုံးထားသော စစ်သားများက လူငယ်ယောကျာ်းလေးများကိုသာရွေးပြီး ဆွဲခေါ်သွားသည်ဟုဆိုသည်။
အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲခေါ်သွားခြင်းဖြစ်နိုင်ကြောင်း တွက်ဆထားပြီး ဒေသခံများက စိုးရိမ်နေကြသည်။
လူမျိုးပေါင်းစုံနေထိုင်သော ငွေပျော်စံပြကျေးရွာသည် ၂၀၁၃ ခုနှစ် ကချင်စစ်ရှောင်များကို ပြန်လည်အခြေချထားသော ကျေးရွာတစ်ရွာဖြစ်ပြီး အိမ်ခြေစုစုပေါင်း ၄၀၀ ကျော်ရှိသည့် ကျေးရွာဖြစ်သည်။
ငွေပျော်စံပြကျေးရွာသည် မြစ်ကြီးနား ပလန ကျေးရွာအုပ်စုဝင်ဖြစ်ပြီး အာဏာသိမ်းစစ်တပ် (၂၉) တပ်ရင်းက ၎င်းကျေးရွာအနီးတွင် အခြေချထားသည်။