အခက်အခဲရှိသည့် CDM ဝန်ထမ်းများကို ထောက်ပံ့ပေးမှုများ ဆက်လက်ဆောင်ရွက်ပေးနေ

အခက်အခဲရှိသည့် CDM ဝန်ထမ်းများကို ထောက်ပံ့ပေးမှုများ ဆက်လက်ဆောင်ရွက်ပေးနေ
by -
နော်ဒွေးအယ်ခူ (KT)

ကယားပြည်နယ် ဖရူဆိုမြို့နယ်အတွင်း အခက်အခဲပိုရှိသည့် CDM အမျိုးသမီးဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်ရှိ အမျိုးသမီးများကို ကူညီထောက်ပံ့ပေးမှုများ ဆက်လက်ပြုလုပ်ပေးနေကြောင်း သိရသည်။ 

ကူညီထောက်ပံ့ပေးသည့်အစီအစဉ်တွင် ပါဝင်လှုပ်ရှားသည့် ဒေသခံအမျိုးသမီးတစ်ဦးက ခက်ခဲသည့်အမျိုးသမီးများကို ဆက်လက်ပံ့ပိုးပေးနိုင်ရန်အတွက် အလှူခံခဲ့ပြီး ပြန်လည်ခွဲဝေပေးသွားမည်ဖြစ်ကြောင်း ပြောသည်။

“ဒီ CDM လုပ်တဲ့ ဝန်ထမ်းတွေက အမျိုးသမီးထုတွေ အကုန်လုံးပေါ့။ အခက်အခဲရှိတဲ့ အမျိုးသမီးထုတွေကို တစ်ထောင့်တစ်နေရာကနေပြီးတော့မှ နည်းနည်းလေးထောက်ပံ့နိုင်ဖို့ အားရှိမလားဆိုပြီးတော့မှ အလှူခံလိုက်တာ။ ခက်ခဲနေတဲ့ အမျိုးသမီးတွေ ဘယ်လောက်ရှိမလဲ CDM ဝန်ထမ်းအမျိုးသမီးတွေ ဘယ်လောက်ရှိမလဲဆိုပြီးတော့မှ အလှူခံလိုက်တယ်။ ရလာတဲ့ အခါကျတော့ အမျိုးသမီးဦးဆောင်သူတွေလည်းပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေလည်းပါတယ်။ အဲ့ဟာတွေ အကုန်လုံးစုပြီးတော့မှ ပြန်ခွဲဝေပေးတဲ့အပိုင်းလုပ်တယ်ပေါ့နော်” ဟုပြောသည်။

CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်း အမျိုးသမီးတစ်ဦးက လစာမရတော့သည့်အတွက် အခက်အခဲရှိလာနိုင်ကြောင်း အခုကဲ့သို့ပြောသည်။

“အခက်အခဲဆိုတော့ အခုလောလောဆယ် ကျမတို့က နေရေးထိုင်ရေးတော့ အဆင်ပြေတယ်ပေါ့။ ဒါပေမယ့် နောက်ပိုင်းကျရင် ကျမတို့က CDM လုပ်တယ်ဆိုတော့ လစာမပေးဘူးလို့ ပြောတယ်လေ ပညာရေးမှူးက လစာမပေးဘူးဆိုတော့ လစာမရရင် ကျမတို့က ဘာသွားစားမလဲပေါ့နော်။ စားဖို့ အခက်အခဲရှိတယ်ပေါ့။ စားဖို့ အခက်အခဲရှိတယ်ဆိုတော့ ငွေရေးကြေးရေးလည်း အခက်အခဲရှိတယ်လေ” ဟု အဆိုပါအမျိုးသမီးကပြောသည်။

ကောက်ခံရရှိသည့်အလှူငွေ​ဖြင့် တစ်ဦးကို ဆန်တစ်အိတ်၊ ဆီ၊ ကုလားပဲ၊ ကြက်သွန်၊ ကြာဇံ စသည့်ပစ္စည်းများကို လှူဒါန်းထောက်ပံ့ပေးကြောင်း သိရသည်။ 

ထောက်ပံ့ပေးရာတွင် CDM ပြုလုပ်သည့် ဌာနငါးခုက အခက်အခဲရှိဆုံးဝန်ထမ်းများ၊ ဖရူဆိုမြို့ပေါ် ငါးရပ်ကွက်ထဲက ခက်ခဲသည့် အမျိုးသမီးများကို လှူဒါန်းထောက်ပံ့ပေးကြောင်း သိရသည်။

ဖရူဆိုမြို့နယ်ရှိ လတ်တလောခက်ခဲသည့် CDM ဝန်ထမ်း (၃၃) ယောက်နှင့် ၅ ရပ်ကွက်ထဲက အမျိုးသမီးထု (၂၂) ယောက် စုစုပေါင်း (၅၅) ယောက်ရှိကြောင်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...