ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရကို နိုင်ငံတကာမှ အသိအမှတ်ပြုရန်နှင့် အစိုးရ၏ ယန္တရားများကို ပြည်သူလူထုများအတွင်း လက်တွေ့အမြစ်တွယ်နိုင်အောင် လုပ်ဆောင်မည်ဟု နိုင်ငံတော်ဒုတိယသမ္မတ ဒူဝါလရှီးလက ဧပြီလ ၁၇ ရက်နေ့ (ယနေ့) တွင် ပြောဆိုလိုက်သည်။
အဆိုပါ လုပ်ငန်းစဉ်နှစ်ရပ်မှာ ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရမှ အဓိကလုပ်ဆောင်မည့် လုပ်ငန်းစဉ်ဖြစ်သည်ဟု နိုင်ငံတော်ဒုတိယသမ္မတ၏ နှစ်သစ်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားသည်။
နိုင်ငံတော်ဒုတိယသမ္မတ ဒူဝါလရှီးလ က “ထိုလုပ်ငန်းစဉ်နှစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဖက်ဒရယ်တပ်မတော်တည်ထောင်ခြင်း၊ သံခင်းတမန်ခင်းနည်းလမ်းမျိုးစုံဖြင့် နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိလာအောင်ဆောင်ရွက်ခြင်း စသည့် အရေးကြီးသော နိုင်ငံရေးကဏ္ဍများအား ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည်” ဟုပြောသည်။
ဧပြီလ ၁၆ ရက်နေ့ (ယမန်နေ့) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ကြားကာလ အမျိုးသားညီညွှတ်ရေးကို ဖွဲ့စည်းကြောင်းကြောညာခဲ့ပြီး ထိုအစိုးရအဖွဲ့တွင် နိုင်ငံတော်သမ္မတအဖြစ် ဦးဝင်းမြင့်၊ ဒုတိယသမ္မတအဖြစ် ဒူဝါလရှီးလ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် ဒေါ်အောင်ဆန်းစုကြည် တို့ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထိုသို့ ထုတ်ပြန်ကြေညာခဲ့ပြီး နောက်တစ်ရက် ဧပြီလ ၁၇ ရက် (ယနေ့) တွင် နိုင်ငံတော်ဒုတိယသမ္မတက ၎င်း၏ ပထမဦးဆုံး နှစ်သစ်အဖွင့် မိန့်ခွန်းကို ပြောဆိုလိုက်ခြင်းဖြစ်သည်။
လက်ရှိ ကြားကာလအစိုးရသည် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်တွင် ချမှတ်ထားသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တစ်ရပ် ထူထောင်ရေးဆိုင်ရာ နိုင်ငံရေးလမ်းပြမြေပုံ (၈) ချက်အား လက်တွေ့အကောင်အထည်ဖော်ဆောင်မည့် နိုင်ငံရေးခရီးလမ်းမှာ ကြမ်းတမ်းဦးမည်ဖြစ်ကြောင်းနှင့် ကြားကာလအစိုးရသည်လည်း တိုက်ပွဲဝင်အစိုးရတစ်ရပ်သာဖြစ်သည်ဟု ဆိုသည်။
ထို့အပြင် တာဝန်ထမ်းဆောင်ရမည့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့သည် ပြည်သူလူထုခံစားနေရသည့် မတရားညဉ်းပန်းနှိပ်စက်မှု၊ ကြောက်ရွံ့ထိတ်လန့်မှု၊ အနာဂတ်၏ မသေချာမရေရာမှု၊ စားဝတ်နေရေးခက်ခဲမှု စသည်တို့ကို လုံခြုံစိတ်ချရသော လူနေမှုဘဝများအဖြစ်သို့ တည်ဆောက်ရန် ကြားကာလအစိုးရတွင် တာဝန်ရှိသည်ဟု နိုင်ငံတော်ဒုတိယသမ္မတက နှစ်သစ်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားသည်။
နွေဦးတော်လှန်ရေးအတွင်း ပေးဆပ်အနှစ်နာသူများနှင့်ပတ်သက်၍ နိုင်ငံတော်ဒုတိယသမ္မတက “စစ်အာဏာသိမ်းစဉ်ကတည်းက မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများ၊ အသက်စတေးခဲ့ရသူများ၊ CDM ဝန်ထမ်းများ၊ စစ်အာဏာရှင်တပ်များနှင့် စစ်မြေပြင်တွင် လက်တွေ့တိုက်ပွဲဝင်နေသော ရဲဘော်များ၏ စွန့်လွှတ်အနစ်နာခံမှုများသည် လောကပါလတရားနှင့် ညီညွတ်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ထောင်ရေးတွင် အခြေခံအုတ်မြစ်များဖြစ်သည်ဟု မှတ်တမ်းတင်အပ်ပါသည်” ဟု ပြောသည်။
ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရတွင် တာဝန်ထမ်းဆောင်မည့် နိုင်ငံ့ဝန်ထမ်းများကိုလည်း ဒုတိယသမ္မတက အထူးပြောကြားလိုသည်မှာ ကြီးမားလှသည့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ရာတွင် အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ်အနေဖြင့် ရာထူးဌာနန္တရရယူခြင်းမျိုးမဟုတ်ပဲ ခက်ခဲလှသည့် ကြားကာလ နိုင်ငံရေးလမ်းပြမြေပုံပါ တာဝန်များကို အောင်မြင်စွာထမ်းဆောင်ပြီး ပဋိညာဉ်ပါ ရည်ရွယ်ချက်များကို ပြီးပြည့်စုံအောင် ဆောင်ရွက်ရမည့်ပုဂ္ဂိုလ်များဖြစ်သည်ကို အစဉ်သဘောပေါက်ခံယူရန် လိုအပ်ပါသည်ဟု ဆိုသည်။
ထို့အပြင် စစ်အာဏာရှင် အမြစ်ပြတ်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တစ်ရပ် ထူထောင်နိုင်ရန် တိုင်းရင်းသားပြည်သူအားလုံးနှင့် ဆက်လက်လက်တွဲ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ဒူဝါလရှီးလက ကတိပြုပြောကြားထားသည်။