စစ်တပ်မှ အာဏာသိမ်းပြီးနောက် ပြည်သူများနှင့်အတူ ရပ်တည်လာသည့် ကယားပြည်နယ်မှ CDM ဝင်သည့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ စားဝတ်နေရေးအခက်အခဲများနှင့် ကြုံတွေနေကြရကြောင်း သိရသည်။
ဖရူဆိုမြို့မရဲစခန်းမှ CDM ပြုလုပ်သည့် ရဲဝန်ထမ်းတစ်ဦးက "CDMဆိုတော့ အခက်အခဲတော့ရှိတယ်ပေါ့။ ကျနော်တို့က အစကတည်းက ဝန်ထမ်းဆိုတော့လည်း အခု CDM လုပ်နေတဲ့အတောအတွင်းမှာလည်း အလုပ်ကမရှိဘူးလေနော်။ လုပ်လာတာ တစ်လနှစ်လရှိပြီဆိုတော့ ကျနောတို့ ဒီ ပြည်သူတွေ ထောက်ပံ့ပေးတဲ့ ဆန်၊ ဆီ၊ ဆားနဲ့ပဲစားနေရပါတယ်။ ဘယ်မှလည်း သွားလို့မရဘူးပေါ့နော်။ အခက်အခဲတော့ အများကြီးရှိပါတယ်။ အကုန်လုံးလည်း ပြောလို့မတတ်ဘူးပေါ့" ဟု ပြောသည်။
လူထုနှင့်အတူ စစ်အာဏာရှင်ကိုဆန့်ကျင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု civil disobedience movement CDM တွင် ကယားပြည်နယ်မှ ရဲတပ်ဖွဲ့ဝင်များက ဖေဖော်လရီလ ၁၀ ရက်နေ့မှ စတင်ပါဝင်လာခဲ့ခြင်းဖြစ်ပြီး ဒု-ရဲအုပ်၊ ယာဉ်ထိန်းရဲ စသည့် ရဲဝန်ထမ်းများ ပါဝင်လာခဲ့ကြသည်။
CDMဝင်သည့် ရဲဝန်ထမ်းများက ထွက်ပြေးတိမ်းရှောင်နေကြရသည့်အတွက် သားသမီးများ၊ မိသားစုဝင်များနှင့် ဝေးကွာနေကြရပြီး မိသားစုဝင်အချို့မှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ဖရူဆိုမြို့နယ်ရဲစခန်းတွင် တာဝန်ထမ်းဆောင်သည့် ရဲဝန်ထမ်းတစ်ဦးမှာလည်း CDM တွင်ပါဝင်သည့်အတွက် ၎င်း၏ဇနီးဖြစ်သူမှာ ထွက်ပြေးတိမ်းရှောင်ရင်း ကိုယ်ဝန်ပျက်ကျသွားသဖြင့် ယခုအခါ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ယခုကဲ့သို့ အခက်အခဲများကြုံတွေ့နေရသော်လည်း အမျိုးသားဖြစ်သူကို CDM အဆုံးထိ ပါဝင်ခိုင်းသွားမည်ဟု ကိုယ်ဝန်လေးလဖြင့်ပျက်ကျသွားသည့် အဆိုပါအမျိုးသမီးက ပြောသည်။
"အဆုံးထိ လုပ်ခိုင်းမယ်လို့ စဉ်းစားထားတယ်။ တိုင်လည်းတိုင်ပင်ထားတယ်ပေါ့၊ အမျိုးသားနဲ့ အဆုံးထိလုပ်မယ်လို့ ပြောထားတယ်" ဟု ၎င်းတို့၏ဆုံးဖြတ်ချက်ကို ပြောပြသည်။
ကယားပြည််နယ်ရှိ ရဲတပ်ဖွဲ့ဝင်များ CDM ပြုလုပ်သူ ၂၀၀ ကျော်ရှိပြီး တနိုင်ငံလုံးအတိုင်းအတာတွင် အများဆုံး ရဲတပ်ဖွဲ့ CDM ပြုလုပ်သည့်ပြည်နယ်တစ်ခုဖြစ်သည်။
CDM ဝင်သည့် ရဲဝန်ထမ်းများအနေဖြင့် စစ်အာဏာရှင်လက်အောက်တွင် တာဝန်ထမ်းဆောင်လိုစိတ်မရှိခြင်း၊ စစ်အာရှင်စနစ်ကို မလိုလားသည့်အတွက် CDM တွင် ပါဝင်ကြကြောင်း သိရသည်။
လွိုင်ကော် ခရိုင်လုံခြုံရေးရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် CDM တစ်ဦးက "CDM လုပ်ရတဲ့ရည်ရွယ်ချက်က စစ်တပ်လက်အောက်မှာ မနေချင်ဘူး။ ကျနောတို့ရဲ့ မိဘ၊ ဘိုးဘွားတွေကို နှိပ်စက်လာတာ အခုချိန်ထိဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်။ ဒီမိုကရေစီလမ်းကြောင်း စရောက်လာတာ လေး၊ ငါးနှစ်ပဲရှိသေးတယ် ဒါကို သူတို့က ပြန်ဖျက်ဆီးလိုက်တယ်။ အဲ့ဒီအတွက် သူတို့လက်အောက်မှာ မနေချင်ဘူး" ဟု ပြောသည်။
CDM လှုပ်ရှားမှုတွင် ပါဝင်လာသည့်ရဲများသည် ယာယီရဲများသာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသော်လည်း အမှန်တကယ်မှာ ဒေသခံရဲများဖြစ်သည်ဟု ကယားပြည်နယ်သပိတ်ကော်မတီကနေပြီးတော့ အတည်ပြုပြောဆိုထားသည်။
CDM ဝင်သည့် ရဲဝန်ထမ်းများကို စစ်ကောင်စီမှ ပြန်လည်ခေါ်ဆောင်မှုများရှိနေသော်လည်း CDM လုပ်ရှားမှုကို အဆုံးထိပါဝင်သွားမည်ဖြစ်ပြီး လုံခြုံသည့်နေရာသို့ တိမ်းရှောင်နေကြောင်း သိရသည်။