ဖက်ဒရယ်ဒီမိုကရေစီသည် ငြိမ်းချမ်းရေးကို အားပေးမြှင့်တင်ပေးသည့်အရာဖြစ်တယ်ဆိုတာ နားလည်ရန်လိုကြောင်း ၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီမှ အနိုင်ရခဲ့သည့် ဖရူဆိုမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ကိုတူရယ်ကပြောသည်။
“ကျနောတို့ပြည်နယ်ကို ကျနောတို့ အုပ်ချုပ်ချင်တယ်။ တိုင်းရင်းသားတွေကို ဘဝရဲ့ယဉ်ကျေးမှုတွေ ဓလေ့ထုံးတန်းတွေကို မြင့်တင်ပေးချင်တယ်။ ကျနောတို့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပိုင်ခွင့်ရှိရမယ်။ မရှိသေးသ၍တော့ ငြိမ်းချမ်းရေးဆိုတာ ပြောမနေနဲ့။ ငြိမ်းချမ်းရေးဆိုတာ အလှမ်းဝေးနေတဲ့ အရာတစ်ခုဖြစ်တယ်။ ကျနောတို့ ဒီဖရူဆိုမှာ ၄၂၈ ရှိတယ်။ ၅၃၁ ရှိတယ်။ ရဲတွေရှိတယ် ထွေအုပ်တွေရှိတယ်။ သိရမှာတစ်ခုက ဖယ်ဒရယ်ဆိုတာ ခွဲထွက်ဖို့မဟုတ်ဘူး ဖယ်ဒရယ်ဆိုတာက ငြိမ်းချမ်းရေးကို အာပေးမြင့်တင်ပေးတဲ့ အရာတစ်ခုဖြစ်တယ်ဆိုတာ နားလည်ပေးဖို့လိုတယ်။ ဒါမှသာလျှင် ကျနောတို့လိုချင်တဲ့ မြန်မာနိုင်ငံမှာလိုချင်တဲ့ ငြိမ်းချမ်းမှုကို ရရှိမှာဖြစ်ပါတယ်” ဟု ကိုတူရယ်က ပြောသည်။
ဧပြီလ ၁၅ ရက်နေ့တွင် ဖရူဆိုမြို့တွင် ကျင်းပပြုလုပ်သွားသည့် မြို့နယ်လုံးကျွတ် စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့်သပိတ်တွင် အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။
အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ နိုင်ငံရေးအကျဥ်းသားများလွတ်မြောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး စသည့် ကြွေးကြော်သံ (၄) ရပ်အနက် ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးနှင့်ပတ်သက်ပြီး ဖယ်ဒရယ်ဒီမိုကရေစီသည် ငြိမ်းချမ်းရေးကို အားပေးမြှင့်တင်ပေးသည့်စနစ်ဖြစ်ကြောင်း ပြောဆိုသွားခြင်းဖြစ်သည်။
တိုင်းရင်းသားများတောင်းဆိုသည့် ဖယ်ဒရယ်စနစ်သည် နှစ်ပေါင်း ၇၀ ကြာမြင့်ပြီဖြစ်ကြောင်းနှင့် ဖယ်ဒရယ်ဒီမိုကရေစီစနစ်ကို ချီတက်သည့်နေရာမှာ လိုအပ်သည့် ကုန်ကြမ်းများကိုလည်း ရှာဖွေစုဆောင်းကြရန်လိုအပ်ကြောင်း ကိုတူရယ်က ထပ်မံပြောဆိုထားသည်။
ဧပြီ ၁၅ ရက်နေ့တွင်ပြုလုပ်သည့် ဖရူဆိုမြို့နယ်လုံးကျွတ်သပိတ်တွင် လူထုအင်အားတစ်ထောင်နီးပါး ပါဝင်ခဲ့ကြသလို အခြားမြို့နယ်များတွင်လည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်သည့် လူထုလုပ်ရှားမှုသပိတ် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။