အာဏာသိမ်းပြီးနောက်ပိုင်း ချင်းလူမျိုး ၁၇၁ ဦးဖမ်းဆီးခံခဲ့ရပြီး ၁၁၂ ဦး ပြန်လည်လွတ်မြောက်လာခဲ့ဟု CHRO ထုတ်ပြန်

အာဏာသိမ်းပြီးနောက်ပိုင်း ချင်းလူမျိုး ၁၇၁ ဦးဖမ်းဆီးခံခဲ့ရပြီး ၁၁၂ ဦး ပြန်လည်လွတ်မြောက်လာခဲ့ဟု CHRO ထုတ်ပြန်

မြန်မာ့တပ်မတော်မှ ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးတွင် အဖမ်းဆီးခံရသည့် ချင်းလူမျိုး ၁၇၁ ဦးရှိခဲ့ပြီး ၁၁၂ ဦး ပြန်လည်လွတ်မြောက်ကာ ၅၉ ဦးမှာ ဆက်လက်ဖမ်းဆီးခံနေရဆဲဖြစ်ကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့ (CHRO) ၏ ထုတ်ပြန်ချက်အရသိရသည်။

 

လွတ်မြောက်ခြင်းမရှိသေးသည့် ၅၉ ဦး တွင် ၁၁ ဦးမှာ ပုဒ်မတပ်အမှုအဖွင့်အရေးယူခံရပြီး ၄၈ ဦးမှာ ရုံးထုတ်ရန်စောင့်ဆိုင်းနေရပြီး ပုဒ်မတပ် အရေးယူခံရသည့် တစ်ဝက်ခန့်မှာ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရခြင်း ဖြစ်ကြောင်းသိရသည်။

 

ချင်းလူ့အခွင့်အရေး (CHRO) ၏ အမှုဆောင်ညွန်ကြားရေးမှူး Salai Bawi Lian Mang က “ဒီရက်ပိုင်းအတွင်းမှာ တရားဥပဒေမဲ့စွာ မလိုအပ်ပဲနဲ့လက်နက်အားကိုးပြီး အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကန့်အသတ်မဲ့လှုပ်ရှားမှုတွေ၊ လမ်းပေါ်မှာတွေ့သမျှဖမ်းဆီးချုပ် နှောင်မှုတွေလုပ်ဆောင်တဲ့အပေါ်မှာ မိမိတို့အနေနဲ့ အလွန်အမင်းစိုးရိမ်မိတယ်" ဟု ပြောသည်။

 

အဖမ်းခံရသူများထဲတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ၉ ဦး၊ ရွေးကောက်ပွဲကော်မရှင်မှ ၂၅ ဦး၊ CDM ဝင်သည့် ရဲတပ်ဖွဲ့ဝင် ၇ ဦး အရပ်သား ၁၃၀ အဖမ်းခံခဲ့ရပြီး အဖမ်းခံရစဉ်တွင် အများစုမှာ ရိုက်နှက်ခံရမှုများကြုံတွေ့ခဲ့ရကြောင်း CHRO ကပြောသည်။

 

ဧပြီ ၁ ရက်တွင်လည်း ချင်းပြည်နယ် ဟားခါးမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များက မြို့တွင်းလှည့်လည်ကာ လမ်းမဘေးရှိ နေအိမ်များမှ CCTV တပ်ဆင်ထားသည့် အိမ်များရှိ CCTV များအား ရိုက်နှက်ဖျက်ဆီးပြီး အနည်းဆုံး ၆ ဦး ဖမ်းဆီးခဲ့ကာအချို့မှာ ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

 

ချင်းပြည်နယ်အတွင်း တပ်မတော်အာဏာသိမ်းမှုအား ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်သည့် ခေါင်းဆောင်များ၊ ဆန္ဒဖော်ထုတ်ခဲ့သူများ နှင့် CDM ဝင်သည့် ဝန်ထမ်းစုစုပေါင်း ၂၃ ဦးအား ဖမ်းဝရမ်းထုတ်ထားကြောင်းလည်း သိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...