အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေမှုများ အမြန်ဆုံးရပ်တန့်ရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အလျှင်အမြန်ဖျက်သိမ်းရေး မွန်အမျိုးသမီးများကွန်ယက်က တောင်းဆို

အာဏာသိမ်းစစ်ကောင်စီ၏ မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေမှုများ အမြန်ဆုံးရပ်တန့်ရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အလျှင်အမြန်ဖျက်သိမ်းရေး မွန်အမျိုးသမီးများကွန်ယက်က တောင်းဆို

အာဏာသိမ်းမှုအပေါ် ငြိမ်းချမ်းစွာဆန္ဒပြနေသောပြည်သူများအား အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေမှုများအား အမြန်ဆုံးရပ်တန့်ရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ အလျှင်အမြန်ဖျက်သိမ်းရေး မွန်အမျိုးသမီးများကွန်ယက်က တောင်းဆိုလိုက်သည်။

မတ် ၂၄ ရက်တွင်ကျရောက်သည့် (၁၇) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ အထိမ်းအမှတ်အနေဖြင့် မွန်အမျိုးသမီးများကွန်ယက်က ကြေညာချက်ထုတ်ပြီး ထိုကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ငြိမ်းချမ်းစွာဆန္ဒပြတဲ့လူထုကို အကြမ်းဖက်ဖြိုခွင်းခြင်း၊ ကျည်အစစ်ဖြင့်ပစ်ခတ်ခြင်း မြို့နေပြည်သူများအား လက်နက်ဖြင့်ငြိမ်းခြောက်ပစ်ခတ်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို မတရားလုယက်ခြင်း နေအိမ်အတွင်း ပစ်ခတ်ခြင်း ဖမ်းဆီးနှိပ်စက်ခြင်း စတဲ့ မတရားနှိပ်စက်သတ်ဖြတ်ခြင်းများပြုလုပ်ခြင်းဖြင့် လူထုကို ထိတ်လန့်ကြောက်ရွံ့စေရန် ရည်ရွယ်ပြီး အခြေခံလူ့အခွင့်အရေးများကို ကြီးမားစွာ ချိုးဖောက်လျှက်ရှိတယ်” ဟု မွန် အမျိုးသမီးများကွန်ယက်က ပြောသည်။

ထို့ပြင် “အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အလျှင်အမြန်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအသစ် အမြန်ဆုံးရေးဆွဲရေး၊ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအသစ်ရေးဆွဲရာတွင် တိုင်းရင်းသားအားလုံးပါဝင်ကိုယ်စားပြုမှုကို သေချာစေရေး အလေးပေးဆောင်ရွက်သွားရေး၊ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် အမြန်ပေါ်ထွန်းလာရေး” စသည့်အချက်များကိုလည်း တောင်းဆိုထားသည်။

မွန်အမျိုးသမီးများကွန်ယက်က ဖမ်းဆီးထိန်းသိမ်းထားသည့် နိုင်ငံရေးခေါင်းဆောင်များနှင့် အပြစ်မဲ့ပြည်သူများအား အမြန်ဆုံးလွှတ်ပေးရေး၊ ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများ စသည့် လူ့အခွင့်အရေးချိုးဖောက်နေမှုများအား အမြန်ဆုံးရပ်တန့်ပေးရန်တို့ကိုလည်း ၎င်းတို့၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းတောင်းဆိုထားသည်။

အလားတူ မွန်အမျိုးသမီးများကွန်ယက်အနေဖြင့် စစ်အာဏာရှင်ချုပ်ငြိမ်းစေရေး ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများ တိုင်းရင်းသား သွေးချင်းများနှင့်အတူ ရပ်တည်လျှက်ရှိကြောင်းလည်း ပြောဆိုထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏လုပ်ရပ်များသည် အခြေခံလူ့အခွင့်အရေးများကို ကြီးမားစွာ ချိုးဖောက်လျှက်ရှိသည်ဟု မွန်အမျိုးသမီးများကွန်ယက် က ပြောသည်။

အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် မွန်အမျိုးသမီးများကွန်ယက်၏ ဦးတည်ချက်ဖြစ်သော အမျိုးသမီးဘဝ မြင့်မားတိုးတက်ရေး၊ အမျိုးသမီးများ ခေါင်းဆောင်မှုတွင် ပိုမိုပါဝင်လာရေးနှင့် အမျိုးသမီးများ နိုင်ငံရေးကဏ္ဍတွင် ပိုမိုပါဝင်လာစေရေးတို့ကို ဆက်လက်ဖော်ဆောင်ရန်အတွက် ကြီးမားသော စိန်ခေါ်ချက်တစ်ခုဖြစ်နေသည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...