ရေးမြို့ပေါ်တွင် စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြရင်း အဖမ်းခံရသူများကို ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲ

ရေးမြို့ပေါ်တွင် စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြရင်း အဖမ်းခံရသူများကို ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲ

မွန်ပြည်နယ် ရေးမြို့ပေါ်တွင် စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြရင်း အဖမ်းခံရသူများ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲခံရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

မတ် ၂၂ ရက် နံနက်ပိုင်းက ရေးမြို့ပေါ်တွင် ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်ပြီး အင်အားသုံးဖြိုခွင်းခဲ့သည်။

ထိုသို့ သေနတ်ပစ်ဖောက်ဖြိုခွင်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပြည်သူများအား လိုက်လံဖမ်းဆီးခဲ့ရာ ဖမ်းဆီးခံရသူ ၁၇ ဦးအထိ ရှိခဲ့သည်။

“မနေ့က အဖမ်းခံရတာ ၁၇ ဦးအထိရှိတယ်၊ သူတို့ကို ၅၀၅ (က) နဲ့ အမှုဖွင့်တရားစွဲထားတယ်လို့ ရဲစခန်းကနေ သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူ ၁၇ ဦးတွင် လူငယ်အမျိုးသမီးအများစုပါဝင်ပြီး ကျိုက်မရောအကျဉ်းထောင်တွင် ထိန်းသိမ်းထားသည်ဟု ဒေသခံများက ပြောသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ပြစ်ဒဏ်စီရင်ခံရလျှင် ထောက်ဒဏ် ၃ နှစ်အထိ ကျခံရနိုင်သည့် ပုဒ်မဖြစ်သည်။

ရေးမြို့တွင် စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်နေသူတို့ကို စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ပစ်ခတ် လိုက်လံဖြိုခွင်းနေသည့်အတွက် ဆန္ဒပြမှုကို လူအနည်းငယ်ဖြင့် ပုံစံအမျိုးမျိုးပြောင်းပြီး ဆက်လက်လုပ်ဆောင်နေကြသည်။

အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က လိုက်လံပစ်ခတ်ဖြိုခွင်းနေမှုကြောင့် မွန်ပြည်နယ်တွင် ၃ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူနှင့် ဖမ်းဆီးခံရသူ အများအပြားရှိနေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည့်စာရင်းများအရ စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့ထိ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်း (၂၆၈၂) ဦးထိရှိခဲ့ပြီ ဖြစ်ပြီး ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ (၁၅) ဦးရှိပြီဖြစ်သည်ဟု သိရသည်။

ထို့အပြင် အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၀၉) ဦးနှင့် ပြန်လည်လွတ်မြောက်လာသူ (၃၈၀) ဦးရှိပြီဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...