ဧပြီလ ၁ ရက်တွင်ဖွင့်လှစ်ရမည့် (၂၆) ကြိမ်မြောက် အောင်ဘာလေထီလက်မှတ်များ ရောင်းချနိုင်မှုမရှိခြင်းကြောင့် မေ ၁ ရက်တွင် ပြောင်းလဲဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စီမံကိန်းဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
နိုင်ငံတစ်ဝန်း အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများသည် အစိုးရအောင်ဘာလေထီများ ထိုးခြင်းမပြုကြရန် လူမှုကွန်ကွန်ရက်ပေါ်တွင် ကမ်ပိန်းပြုလုပ်ကြသဖြင့် ထီကံစမ်းသူ လွန်စွာနည်းပါးသွားခဲ့ပြီး လုပ်ငန်းများ ရပ်နားထားရသည့်အနေအထား ရောက်ရှိလာကြောင်း တွေ့ရသည်။
ဇာသပြင် မိုးယံရွှေလမင်း မြတ်ဆုကုဋေဆိုင်မှ ထီရောင်းသူက “ကျွန်တော်တို့က (၂၆) ကြိမ်မြောက်ကစပြီးတော့ မရောင်းတော့ဘူး။ ကျွန်တော်တို့ သွားယူနေတဲ့ ပင်ရင်းနေရာက သူတို့မရောင်းတော့တာ။ နောက်ပြီး ထီကလည်း ရောင်းအားလုံးဝမရှိတော့ ရပ်နားလိုက်တယ်” ဟု ပြောသည်။
အလားတူ ပြီးခဲ့သည့် (၂၅) ကြိမ်မြောက် အောင်ဘာလေထီဖွင့်ရက်ကိုလည်း မတ် ၁ ရက်အစား မတ် ၁၅ ရက်သို့ ပြောင်းရွေ့ဖွင့်လှစ်ခဲ့ရပြီး ဖြစ်သည်။
အမြင့်ဆုံး ကျပ်သိန်းတစ်သောင်းခွဲအထိ ကံထူးနိုင်မည့် ထီလက်မှတ်တစ်စောင်ကို ကျပ်တစ်ထောင်ဖြင့်ရောင်းချရန် အစိုးရသတ်မှတ်ပေးထား၍ ဈေးတင်ရောင်းချမှုမပြုလုပ်ရန် ထုတ်ပြန်ထားသော်လည်း ဝယ်ယူကံစမ်းသူများအနေဖြင့် ထီတစ်စောင် ကျပ် ၁၁၀၀ မှ ၁၅၀၀ အထိ ဝယ်ယူကံစမ်းနေရကြောင်း တွေ့ရှိရသည်။
အောင်ဘာလေထီလုပ်ငန်းသည် မြန်မာနိုင်ငံတွင် လစဉ်ရောင်းချဖွင့်လှစ်ပေးနေသော တရားဝင်အစီအစဉ်ဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီးဌာနလက်အောက်ရှိ ပြည်တွင်းအခွန်များဦးစီးဌာနမှ လစဉ်ဖွင့်လှစ်နေခြင်းဖြစ်သည်။
ထို့အတူ မြန်မာနိုင်ငံတဝန်းရှိ ပုဂ္ဂလိကဘဏ်လုပ်ငန်းဝန်ထမ်းအများစု CDM ပါဝင်လှုပ်ရှားနေသဖြင့် ဘဏ်များ ပုံမှန်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ စီးပွားရေးလုပ်ငန်းအများစု ထိခိုက်နစ်နာလျက်ရှိကြောင်း သတင်းများက ဖော်ပြသည်။