ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA ထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာဒေသအတွင်းရှိ ဝေကျိုင်၊ ဂျေယန့်နှင့် ဖုန်လုံယန် စစ်ရှောင်စခန်းများက စစ်ရှောင်များ ကတုတ်ကျင်းများတူးနေကြောင်း ဒေသခံများက ပြောသည်။
စစ်တပ်မှ အာဏာသိမ်းပြီးနောက် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အာဏာသိမ်းစစ်ကောင်စီ၏တပ်တို့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် အရေးပေါ် ပုန်းခိုနိုင်ရေး ယခုကဲ့သို့ ကတုတ်ကျင်းများ တူးနေရခြင်းဖြစ်သည်ဟု လိုင်ဇာဒေသခံများက အတည်ပြုပြောသည်။
“ဝေကျိုင် စစ်ရှောင်စခန်းက စစ်ရှောင်တွေ ကတုတ်ကျင်းတူနေကြတာပါ။ ဂျေယန့်ရော၊ ဖုန်လုန်ယန်ရော အကုန်လုံးပဲ စစ်ရှောင်တွေက ကတုတ်ကျင်းတူးနေကြတာပါ။ ပြီးခဲ့တဲ့ရက်တွေက စပြီးတူတွေလည်းရှိတယ်။ သူတို့အစီအစဉ်နဲ့ သူတို့တူးတာပါ။ အထက်ကပြောလို့ တူးတာတော့ မဟုတ်ဘူး။ ဒီရက်ပိုင်း ဆဒုံးတို့ဘက်မှာလည်း တိုက်ပွဲတွေဖြစ်လာတော့ စိုးရိမ်လို့ အရေးပေါ် တစ်ခုခုဆို ပုန်းနိုင်အောင် တူးထားကြတာပါ။ တိုက်ပွဲ တွေကလည်း ပြင်းထန်လာနိုင်တယ်လေနော်။ အဲ့ဒါစိုးရိမ်ပြီး တူးကြတဲ့သဘောပါ” ဟု လိုင်ဇာဒေသခံတစ်ဦးက ပြောသည်။
လိုင်ဇာမြို့ရှိ ဝေကျိုင်စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၁၂၄၂ စုရှိပြီး လူဦးရေ ၆၆၃၅ ဦး ရှိသည်။
ဂျေယန့်စစ်ရှောင်စခန်းတွင် လူဦးရေ ၈၀၀၀ ကျော်နှင့် ဖုန်လုံယန် စစ်ဘေးရှောင်စခန်းတွင် လူဦး ရေ ၃၆၀၀ ကျော်ရှိသည်။
ထို့အပြင် လိုင်ဇာမြို့အတွင်းရှိ ရပ်ကွက်အလိုက် လူဦးရေစာရင်းများကိုလည်း သက်ဆိုင်ရာက စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိသည်ဟု အဆိုပါ လိုင်ဇာဒေသခံက ဆက်ပြောသည်။
“လူစစ်တယ်၊ ဘယ်အိမ်မှာ လူဘယ်နှစ်ယောက်နေလဲ၊ ဘယ်သူတွေရှိလဲပေါ့၊ ဘာမှမလုပ်ဘူး။ လူဦးရေစာရင်း စစ်တဲ့သဘောမျိုးပဲ။ လိုင်ဇာမှာက အခု အေးအေးဆေးဆေးပါပဲ။ စစ်ရှောင်တွေကတော့ စိုးရိမ်တာပေါ့နော်။ အခြေအနေကတော့ ဘာမှ တိတိကျကျတော့ ပြောလို့မရဘူး။ ဘယ်အချိန်ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မသိ ဘူးလေနော်။ ဒီမှာ လူဦးရေစာရင်းစစ်တယ်ဆိုတာက တိုက်ပွဲတွေဖြစ်လာတော့ ဒီအတိုင်းစစ်တဲ့သဘောပါပဲ။ မနေ့ကဆိုရင်လည်း ဆဒုံးဘက်မှာ တိုက်ပွဲတွေဖြစ်တယ်နော်။ အခုဆိုရင် နယ်စပ်တွေမှာ တိုက်ပွဲတွေက စဖြစ်လာပြီ” ဟု ဆက်ပြောသည်။
ကချင်ပြည်နယ်၊ ဆဒုံးဒေသအတွင်း ယမန်နေ့ညက ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်ကောင်စီ စစ်တပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မတ်လအတွင်း ကချင်လွပ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာစစ်တပ်တို့ အကြား အင်ဂျန်းယန်မြို့နယ်၊ မိုးညှင်းမြို့နယ်အတွင်း၊ ဖားကန့်မြို့နယ်၊ ကားမိုင်းမြို့နယ်၊ တနိုင်း-လီဒိုလမ်းမပေါ် နှင့် ဆဒုံးမြို့နယ်များတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိပြီး၊ နှစ်ဖက်စစ်ရေးတင်းမာလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။
အင်ဂျန်းယန်မြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့်လည်း စစ်ရှောင် ၂၀၀ ကျော် မြစ်ကြီးနား ပလန နယ်မြေအတွင်းရှိ စစ်ဘေးရှောင်စခန်းများသို့ စစ်ဘေးတိန်းရှောင်လာသည်များလည်းရှိသည်။
ယခု ကတုတ်ကျင်းများ တူးနေသည့် လိုင်ဇာမြို့အတွင်း ဝေကြိုင်စစ်ရှောင်စခန်းအနီး နေရာသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတုန်းကလည်း မြန်မာစစ်တပ်ကပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။
ထိုအချိန်က မြန်မာစစ်တပ်၏ လက်နက်ကြီးကျည်ကြောင့် စစ်ဘေးရှောင်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်များ ရှိခဲ့သည်။