မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေး Charity Concert တွင် ရူပီး ငါးသိန်းကျော်ရရှိ

မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များ ကူညီထောက်ပံ့ရေး Charity Concert တွင် ရူပီး ငါးသိန်းကျော်ရရှိ

မြန်မာနိုင်ငံတွင် စစ်တပ်မှအာဏာသိမ်းယူခဲ့ပြီးနောက် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာကြသော မြန်မာစစ်ဘေးရှောင်များ ကူညီထောက်ပံ့နိုင်ရေးအတွက် မီဇိုရမ်ပြည်နယ် အိုက်ဇောလ်မြို့တွင် ရံပုံငွေရှာဖွေရေး Charity Concert ကို မတ် ၂၀ ရက်က ပြုလုပ်ခဲ့ရာ ရူပီးငါးသိန်းကျော်ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရံပုံငွေရှာဖွေရေး Charity Concert ကို မီဇိုရမ်ပြည်နယ်ရှိ NGO အဖွဲ့အစည်းအသီးသီးတို့မှ ပူးပေါင်းပြီး ပြုလုပ်ခဲ့သောအစီအစဉ်ဖြစ်ပြီး အိုက်ဇောလ်မြို့ နေရာ ၁၁ ခုတွင် မီဇိုရမ်အဆိုတော်များနှင့် Myanmar Idol မှ Benjamin Sum တို့မှ သီချင်းအားဖြင့်ဖျော်ဖြေကာ ရံပုံငွေရှာဖွေခဲ့ကြခြင်းဖြစ်သည်။

 

မီဇိုရမ်တွင်ဖွဲ့စည်းထားသော NGO United for Democratic Myanmar အဖွဲ့ဥက္ကဌ Pu Lalramlawma က “အဖွဲ့နှစ်ဖွဲ့ခွဲပြီး (၁၁) နေရာတွင် ပြုလုပ်နိုင်ခဲ့တယ်။ အားလုံးအဆင်ပြေတယ်။ မီဇိုးပြည်သူများအနေနဲ့ မြန်မာပြည်သားများအပေါ်ထားတဲ့ မေတ္တာတရားတွေ့ရတယ်။ ဒီကနေ့ ကျွန်တော်တို့ အိန္ဒိယငွေ ရူပီး ၅၁၉၀၀၉ ရတယ်” ဟု ပြောသည်။

 

ဆက်လက်ပြီး Pu Lalramlawma က အခုလို ကောက်ရတဲ့ငွေကြေးနဲ့ပတ်သက်ပြီး မြန်မာစစ်ဘေးရှောင်ပြည်သူများကို Charity Concert ဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်ကြသည့် အဖွဲ့အသီးသီးတို့နဲ့ ပြန်လည်တိုင်ပင်ပြီးမှ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မှန်ပြောဆိုခဲ့သည်။

 

အဆိုပါ ရံပုံငွေရှာဖွေရေး Charity Concert တွင် Myanmar Idol Benjamin Sum နှင့် မီဇိုရမ်းနာမည်ကျော် အဆိုတော်များဖြစ်ကြသော Cindy Lalthanpuii, B.Malsawmtluangi (Spi), Lalfamkima Ralte, Eunice Lalngaihsaki, Lydia Pachuau, Kim Kima, Hmingtea Chhangte, Feli Fanai, Ngurthansanga, Thlengi Jongte, Rosangliana (Zorock), Sawmtea Chhangte, Sairengpuii, Zirtluangpui, John L.Chawngthu, Bzi Chhangte & Sangmama Zahau, Essy, Arini, F.Lalremruata တို့က ဖျော်ဖြေသီဆိုခဲ့ကြသည်။

 

မီဇိုရမ်ပြည်နယ်ရောက် မြန်မာစစ်ဘေးရှောင်များ ကူညီထောက်ပံ့နိုင်ရေး ရံပုံငွေရှာဖွေးရေး Charity Concert ကို Mizo Zirlai Pawl (MZP), People United in Music with a Purpose (PUMP), NGO UNITED FOR DEMOCRATIC MYANMAR, Mizo Zaimi Inzawmkhawm (MZI) နှင့် Music Domain Mizoram (MDM) အဖွဲ့တို့က ပူးပေါင်းပြီးဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...