ရခိုင်တွင် ဘဏ်များပိတ်ထားသဖြင့် ကုမ္ပဏီဝန်ထမ်းတချို့နှင့်အလုပ်သမားများ လစာမရ

ရခိုင်တွင် ဘဏ်များပိတ်ထားသဖြင့် ကုမ္ပဏီဝန်ထမ်းတချို့နှင့်အလုပ်သမားများ လစာမရ
by -
ထွန်းခိုင် (နိရဥ္စရာ)

ရခိုင်တွင် ဘဏ်များမှ ငွေထုတ်ငွေလွှဲအဆင်မပြေသဖြင့် ကုမ္ပဏီဝန်ထမ်းတချို့နှင့် အလုပ်သမားများ လစာမရကြောင်း သိရသည်။

တပ်မတော်အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းတွင် ရခိုင်တွင် ဘဏ်များ ရက်အနည်းငယ်ပိတ်ခဲ့ပြီး ပြန်ဖွင့်လာသော်လည်း ငွေထုတ်၊ ငွေလွှဲအဆင်မပြေသည့်အတွက် လစာများမရရှိကြကြောင်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ ဖုန်းကုမ္ပဏီတစ်ခုမှ အမည်မဖော်လိုသူ အရောင်းစာရေး အမျိုးသမီးငယ်တစ်ဦးကပြောသည်။

“ဖေဖော်ဝါရီလအတွက် လစာအခုထိလည်း မရသေးပါဘူး။ လစာက တစ်သိန်းကျော် ရတာပါ။ နယ်ကလာပြီးအလုပ်လုပ်ရတာဆိုတော့ လစာမရရင် အဆောင်စရိတ်၊ ထမင်းစရိတ်မရှိတော့ပါဘူး။ အရင်လတွေကဆို ဘဏ် (ATM) ကဒ်ထဲကို ထည့်ပေးတာပါ။ အခုဘဏ်ကငွေထုတ်လို့မရတော့ လစာလည်းမရဘူးပေါ့။ မိသားစုစားဝတ်နေရေးရပ်တည်ဖို့ ခက်ခဲလာမှာစိုးရိမ်ပါတယ်” ဟု ၎င်းကပြောသည်။

၄င်းအပြင် တချို့ကုမ္ပဏီများတွင် လစာလျော့လိုက်သည့်အတွက် အခက်အခဲများရှိကြောင်း သိရသည်။

လျှပ်စစ်ပစ္စည်းများနှင့် ဖုန်းအရောင်းအဝယ်များလုပ်သည့် (TECNO) ကုမ္ပဏီဝန်ထမ်း ကိုအောင်ဟိန်းစိုးက “လစာကတော့ ပုံမှန်ထက်တော့နည်းသွားပါတယ်။ လျော့ပစ်တာက အချိန်ပို (OD) ကြေးတို့ မရတော့ဘူး” ဟုပြောသည်။

၄င်းတို့အနေဖြင့် အခြေခံလစာငွေ ၁၂၄ဝဝဝ ကျပ်နှင့် အချိန်ပိုကြေးပေါင်းလျှင် တစ်လတွင် နှစ်သိန်းဝန်းကျင်ရရှိခဲ့ကြသော်လည်း ယခုအခါတွင် အခြေခံလစာဖြင့် စားဝတ်နေရေးကို ဖြေရှင်းနေကြရသည်ဟု ဆိုသည်။

စစ်တွေမြို့ရှိ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကျော်နိုင်ထွန်း (ခ) ကိုနီကလည်း ပစ္စည်းအသစ်မမှာနိုင်ခဲ့သည်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ ပြီးခဲ့သော မတ် ၁၃ ရက် နေ့လယ်ပိုင်းအထိဖြစ်ကြောင်း ပြောသည်။

“ကျွန်တော်တို့မှာ ဖုန်းနဲ့စက်ပစ္စည်းတွေရောင်းတယ်။ ငွေလွှဲမရတဲ့နေ့ကစပြီး ပစ္စည်းအသစ်မမှာရတော့ဘူး။ MI အမျိုးအစားဖုန်းဆိုရင် စျေးနည်းနည်းတတ်သွားပေါ့။ ကျွန်တော်ဆီမှာ လစဉ်ပေးနဲ့ ပစ္စည်းတွေ၊ ဖုန်းတွေဝယ်တဲ့ လခစားတွေလည်း လစာမရလို့ အဆင်မပြေကြဘူးလို့ သိရတယ်။ ငွေပို့၊ ငွေလွှဲတွေ အဆင်ပြေစေချင်တယ်” ဟုပြောသည်။

ယခုနှစ် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်ခန့်ကစတင်၍ ဘဏ်အချို့စတင်ပိတ်လိုက်ပြီးနောက်ပိုင်း မတ် ၅ ရက်နောက်ပိုင်းတွင် တစ်နို်င်ငံလုံးရှိ ဘဏ်များအမြန်ဆုံးပြန်ဖွင့်ရန် အာဏာသိမ်းစစ်ကောင်စီက အကြောင်းကြားခဲ့သည်။

ယင်းနောက်တွင် ဘဏ်များပြန်ဖွင့်ခဲ့သော်လည်း ငွေပို့၊ ငွေလွှဲများ အဆင်မပြေသဖြင့် လုပ်ခလစာများမရှိကြခြင်းဖြစ်ကြောင်း အလုပ်သမားများ၏ ပြောပြချက်အရသိရသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...