လက်ရှိနိုင်ငံရေးအခြေအနေကြောင့် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာသူများအရေးနှင့်ပတ်သက်၍ အိန္ဒိယဗဟိုအစိုးရ၏အစီစဉ်အတိုင်း စီမံဆောင်ရွက်ပေးသွားမည်ဟု မီဇိုရမ်ပြည်ထဲရေးဝန်ကြီး Pu Lalchamliana က ပြောသည်။
အဆိုပါကိစ္စကို မတ် ၈ ရက် မီဇိုရမ်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Pu Lalchamliana က ယခုလို ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ဒေသထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြခဲ့သည်။
“မြန်မာနိုင်ငံ ပြည်တွင်းစစ်ကြောင့် မီဇိုရမ်ပြည်နယ်ထဲကို ဒုက္ခသည်ဝင်ရောက်လာမှုရှိပြီဖြစ်တယ်။ နိုင်ငံခြားသား (foreigner) အရေးနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံ ဗဟိုအစိုးရတာဝန်ဖြစ်တဲ့အတွက် ဗဟိုအစိုးရ စီမံဆောင်ရွက်ချက်ကို စောင့်ဆိုင်းနေဆဲဖြစ်တယ်။ သို့သော် ဗဟိုအစိုးရစီမံဆောင်ရွက်ချက်မကျခင် မီဇိုရမ်ပြည်နယ်ထဲကို ဝင်ရောက်ခိုလှုံလာသူများကို စနစ်တကျ ကိုယ်ရေးအချက်အလက်များယူပြီးတော့ လိုအပ်သလို ကူညီဆောင်ရွက်သွားမှာဖြစ်တယ်။ အဲလို ဆက်လက်ကူညီဆောင်ရွက်သွားသည့်အရာမှာ ဗဟိုအစိုးရရဲ့ စီမံသည့်အတိုင်း သွားဖို့ဖြစ်တယ်” ဟု Pu Lalchamliana က ပြောသည်။
မီဇိုရမ်ပြည်နယ်သည် အိန္ဒိယနိုင်ငံ၏ အရှေ့မြောက်ပြည်နယ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်မှု CDM လှုပ်ရှားမှုတွင်ပူးပေါင်းပါ၀င်သည့် ရဲတပ်ဖွဲ့၀င်များနှင့် တက်ကြွလှုပ်ရှားသူများ ၀င်ရောက်ခိုလုံကြသည့် ပြည်နယ်ဖြစ်သည်။
မီဇိုရမ်ပြည်နယ်၀န်ကြီးချုပ် Pu Zoramthanga က သူ့ပြည်နယ်အတွင်း နိုင်ငံရေးအခြေအနေကြောင့် ထွက်ပြေးခိုလုံလာကြသော မြန်မာနိုင်ငံသားများကို ကြိုဆိုလက်ခံပြီး အကူအညီပေးသွားမည်ဟု ယခုလဆန်းပိုင်းက ပြောဆိုခဲ့ပြီးနောက် အိန္ဒိယဗဟိုအစိုးရအနေဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့် နှစ်နိုင်ငံဆက်ဆံရေး မပျက်ပြားစေလိုသည့်အတွက် ဖိအားပေးလာခြင်းဖြစ်သည်။
ထို့ကြောင့် မီဇိုရမ်ပြည်နယ် နယ်စပ်မြို့များဖြစ်သည့် ကျန်ဖိုင်း၊ လောင်တလိုင် ခရိုင်အုပ်ချုပ်ရေးမှူးများက ယခင်ကထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံမှ ထွက်ပြေးခိုလုံလာကြသူများ ကူညီဆောင်ရွက်ရေးအစီစဉ်များကိုလည်း အသီးသီး ပြန်လည်ရုပ်သိမ်းခဲ့ကြပြီးနောက် မီဇိုရမ်ပြည်နယ် ပြည်ထဲရေး၀န်ကြီးက အိန္ဒိယဗဟိုအစိုးရအဖွဲ့၏သဘောထားကို စောင့်ကြည့်ရန်နှင့် ဗဟိုအစိုးရ၏ အစီစဉ်အတိုင်း ဆောင်ရွက်ရန် တဖန်ပြောဆိုလာခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် မီဇိုရမ်ပြည်နယ်အပြင် Manipur, Nagaland နှင့် Arunachal Pradesh ပြည်နယ်များမှာ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်သည့် ဒေသများဖြစ်သည့်အတွက် ဒုက္ခသည်များမှာလည်း အဆိုပါပြည်နယ်များတွင် ရောက်ရှိလာနိုင်သောကြောင့် အိန္ဒိယနိုင်ငံ ဗဟိုအစိုးရ Ministry of Home Affairs ၏စီမံချက်ကို စောင့်ဆိုင်းပြီးသွားဖို့လိုအပ်ကြောင်း Pu Lalchamliana က ဆက်လက်ပြောပါသည်။
“အိန္ဒိယနိုင်ငံက ၁၉၅၁ United Nations Refugee Convention နှင့် ထို Convention ကို ဦးဆောင်သည့် 1967 Protocol တို့ကို လက်မခံသည့်အတွက် ဒီ Convention နှင့် Protocol က refugee အရေးနဲ့ပတ်သက်ပြီး အိန္ဒိယကို ချုပ်နှောင်ထားခြင်းမရှိဘူး” ဟု ၎င်းကပြောသည်။
မီဇိုရမ်ပြည်ထဲရေးဝန်ကြီး Pu Lalchamliana က ယခု မီဇိုရမ်ပြည်နယ်ထဲကို ရောက်ရှိနေတဲ့ ဒုက္ခသည်များမှာ မြန်မာပြည်တွင် ကျန်ရစ်သောမိသားစုများရှိနေသေးသည့်အတွက် ကိုယ်ရေးအချက်အလက်များကို ပြည့်စုံစွာဖော်ပြရန် မသင့်တော်ကြောင်း ပြောသည်။
ယခုလက်ရှိတွင်လည်း အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်တွင် အိန္ဒိယအာသံစစ်တပ်များချထားပြီး အိန္ဒိယနိုင်ငံသားစိစစ်ရေးကဒ်မရှိသူများကို အိန္ဒိယနိုင်ငံထဲသို့ ၀င်ခွင့်မပေးကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်အတွင်းရှိ ဒေသခံ NGO များဖြစ်ကြသော Central Young Mizo Association (CYMA), Mizo Zirlai Pawl (MZP), Zoro, MUP, MHIP အဖွဲ့အစည်းများက မီဇိုရမ်ကိုရောက်ရှိလာသော ဒုက္ခသည်များကို နွေးထွေးစွာ ကြိုဆိုလက်ခံကြကြောင်းနှင့် တတ်နိုင်သည့်ဖက်မှ ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အလားတူ မီဇိုရမ်တွင် ရောက်ရှိလာကြသော ဒုက္ခသည်များကို မီဇိုရမ်ရှိ NGO United For Democratic Myanmar အဖွဲ့အစည်းအပြင် အခြားသော ချင်းအဖွဲ့အစည်းအသီးသီးတို့ကလည်း တတ်နိုင်သည့်ဖက်မှ ကူညီဆောင်ရွက်ပေးနေကြကြောင်း သိရသည်။
Published
Wednesday, March 10, 2021
မီဇီုရမ်ဘက်သို့ ထွက်ပြေးခိုလုံသည့် မြန်မာနိုင်ငံသားများအရေး ဗဟိုအစိုးရ၏အစီစဉ်တိုင်း ဆောင်ရွက်မည်ဟု မီဇိုရမ်ပြည်ထဲရေးဝန်ကြီးပြော