ချင်းပြည်နယ် ဟားခါးမြို့အခြေစိုက် The Hakha Times သတင်းဌာန၏ နေ့စဉ်ထုတ် ပုံနှိပ်သတင်းစာထုတ်ဝေမှုကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားလိုကကြောင်း မတ်လ ၉ ရက်တွင် ယင်းသတင်းဌာနက ထုတ်ပြန်ကြေညာလိုက်သည်။
ဟားခါးတိုင်းမ်အယ်ဒီတာချုပ် ကိုပါပွီးက “ကျွန်တော်တို့ ဟားခါးကမီဒီယာ အထူးသဖြင့် ကျွန်တော်တို့ Hakha Times လို့ ပြောတာထက် ကျွန်တော်ကိုယ်တိုင်လည်း ပြီးခဲ့တဲ့ အပတ်တုန်းက ဖမ်းထားတဲ့ထဲမှာပါတယ်လေ။ အဲဒါကြောင့် အခြေအနေက လောလောဆယ်မကောင်းလို့ပေါ့နော်။ အစိုးရဆိုတာထက် စစ်တပ်နဲ့ရဲတို့ အခြေအနေပြန်ကောင်းလာရင်တော့ ကျွန်တော်တို့ ပြန်ထုတ်မှာပါ။ အခု အကန့်အသတ်မရှိ ပိတ်ထားတာပါ” ဟု ပြောသည်။
ဟားခါးတိုင်းမ်၏ အယ်ဒီတာချူပ် ကိုပါပွီးသည် ပြီးခဲ့သည့်ဖေဖော်ဝါရီ ၂၇ ရက်က ဟားခါးမြို့ရှိ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုတွင် သတင်းရယူနေစဉ် အဖမ်းခံခဲ့ရပြီး ဖေဖော်ဝါရီ ၂၈ ရက်တွင် ပြန်လည်လွတ်မြောက်ခဲ့သည်။
ယခု ဟားခါးတိုင်းမ် နေ့စဉ်ထုတ်သတင်းစာ ယာယီရပ်ဆိုင်းမှုမှာ စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ လာရောက်ဖိအားပေးရပ်ဆိုင်းခိုင်းခြင်းမျိူးမဟုတ်ပဲ လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် ၎င်းတို့ကိုယ်တိုင် ယာယီရပ်ဆိုင်းထားခြင်းဖြစ်သည်ဟု ကိုပါပွီးကပြောသည်။
သို့သော်လည်း အွန်လိုင်းစာမျက်နှာ (Facebook, Website) တို့မှတဆင့် နေ့စဉ်နှင့်အမျှ ဆက်လက်၍ သတင်းထုတ်လွှင့်သွားမည်ဟု သိရသည်။
ဟားခါးတိုင်းမ် နေ့စဉ်ထုတ်သတင်းစာကို လိုင် (ချင်း) ဘာသာစကားဖြင့် အင်္ဂါနေ့မှ စနေနေ့အထိ တစ်ပတ်လျှင် ငါးရက် ထုတ်ဝေလေ့ရှိသည်။
Published
Wednesday, March 10, 2021
ဟားခါးတိုင်းမ် နေ့စဉ်သတင်းစာထုတ်ဝေမှု အကန့်သတ်မရှိရပ်ဆိုင်း