မွန်ပြည်နယ် သထုံမြို့နယ်တွင် ယနေ့ (မတ် ၈ ရက်) နံနက် ၉ နာရီခန့်က လမ်းသွားလမ်းလာပြည်သူများ၏ မိုဘိုင်းဖုန်းများကို ရဲနှင့်စစ်သားများက စစ်ဆေးမှုတွေပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးမှုများကို သထုံမြို့နယ် ပေါ်တော်မူဘုရားလမ်းပေါ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆိုင်ကယ်၊ မော်တော်ကားများကို တာဆီး၍ မိုဘိုင်းဖုန်းကိုဖွင့်၍ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ဆိုသည်။
“ဆိုင်ကယ်ရပ်ခိုင်းပြီးတော့ အိတ်ဖွင့်ခိုင်းတယ်။ ဖုန်းကြည့်လို့ရလားလို့မေးတယ်။ ကျွန်တော်လည်းပေးလိုက်တယ်။ အဲ့မှာ ဖုန်းအဝင်/အထွက်ခေါ်ဆိုထားတာကိုကြည့်တယ်။ နောက် ဘာကြည့်တာလည်းတော့မသိဘူး။ ပြန်ပေးပြီးတော့ သွားခွင့်ပြုလိုက်တယ်” ဟု စစ်ဆေးခံရသူ တစ်ဦးက ပြောသည်။
အလားတူ ကရင်ပြည်နယ် ဘာအံတက္ကသိုလ်အနီးနှင့် ကမ်းနားလမ်းများတွင်လည်း ရဲနှင့် စစ်တပ်တို့ပူးပေါင်း၍ လမ်းသွားလမ်းလာ ပြည်သူများ၏ဖုန်းများကို ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မော်လမြိုင်မြို့၊ မုဒုံမြို့၊ သံဖြူဇရပ်မြို့တို့လည်း မြို့အဝင်/အထွက် ဂိတ်များတွင်း ရဲ့နှင့်စစ်တပ်တို့ ပူးပေါင်းပြီး ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များကို ယခုရက်ပိုင်းအတွင်း ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ဖေဖော်ဝါရီ ၂၈ ရက်က လူဦးရေးသိန်းသန်းနှင့်ချီသော ပြည်လုံးကျွတ် မြန်မာ့နွေဦးတော်လှန်ရေး လှုပ်ရှားမှုဖြစ်ပေါ်ခဲ့ပြီး နောက်တစ်ရက်တွင် မြို့အဝင်/အထွက်ဂိတ်များကို လုံခြုံရေးအင်အားတိုးချထားပြီး ခရီးသွားများအား စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများက ပြောသည်။
Published
Monday, March 08, 2021
သထုံမြို့တွင် လမ်းသွားလမ်းလာများ၏ မိုဘိုင်းဖုန်းများကို စစ်ဆေးနေ