မြစ်ကြီးနားတက္ကသိုလ် ကျောင်းဝန်းအတွင်းနေထိုင်ပြီး CDM ပြုလုပ်သည့် ဆရာ/ဆရာမများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ရဲနဲ့စစ်သားများက တက္ကသိုလ်ကျောင်းဝန်းအတွင်းသို့ မတ် ၆ ရက် ညနေပိုင်းအချိန်တွင် ဝင်ရောက်စီးနင်းပြီး လာရောက်ဝန်းရံသည့် ပြည်သူလူထုမျာကိုလည်း သေနတ်ဖောက်ဖြိုခွဲ့ခဲ့သဖြင့် CDM ပြုလုပ်နေသည့် ဆရာ/ရာမများအနေဖြင့် နည်းလမ်းမျိုးစုံဖြင့် တိမ်းရှောင်သွားကြခြင်းဖြစ်ကြောင်း သိရသည်။
"CDM ပြုလုပ်တဲ့ ဆရာ/မတွေအားလုံးက အားလုံးထွက်ပြေးသွားကြပြီ။ မကျန်တော့လောက်ဘူး။ အခုကျန်နေတဲ့သူတွေက CDM မပြုလုပ်တဲ့သူတွေနဲ့ ရုံးပိုင်းဆိုင်ရာဝန်ထမ်းတွေပဲ ကျန်တော့မယ်ထင်တယ်။ ကျွန်မလည်း ဒီ (မတ် ၇ ရက်) မနက် ၅ နာရီလောက်က ထွက်ပြေးခဲ့ရတယ်" ဟု ၎င်းဆရာမတစ်ဦးက ပြောသည်။
လက်ရှိတွင် ၎င်းတို့ကို ဝင်ရောက်စီးနင်းမှုကြောင့် မြစ်ကြီးနားတက္ကသိုလ်ရှိ ဖုန်ကန်ရာဇီအဆောင်အတွင်းနေထိုင်သည့် ဆရာမတစ်ဦးနှင့် ကင်းစောင့်သမားများ ဖမ်းဆီးခံထားရကြောင်း ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတက္ကသိုလ်ကျောင်းဝန်းအတွင်းမှာ CDM မပြုလုပ်သည့် ဝန်ထမ်းများနှင့် ရုံးပိုင်းဆရာဝန်ထမ်းများသာ ကျန်ရှိတော့ကြောင်း သိရသည်။
မတ် ၇ ရက်အထိ ကျောင်းဝင်းအတွင်း ရဲနဲ့စစ်သားများဆက်လက်တပ်စွဲထားပြီး စီတာပူမနက်စျေးလမ်းမပေါ်အထိ ပြည်သူများသွားလာ၍မရအောင် လမ်းများပိတ်စို့ထားကြောင်း သိရသည်။
Published
Monday, March 08, 2021
CDM ပြုလုပ်နေသည့် မြစ်ကြီးနားတက္ကသိုလ်မှ ဆရာ/ဆရာမများ ထွက်ပြေးတိမ်းရှောင်နေရ