ချင်းပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မီဇိုရမ်ပြည်နယ်တွင် ဖွဲ့စည်းထားသည့် NGO United For Democratic Myanmar အဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံအတွင်း Civil Disobedience Movement – CDM ဝင်နေကြသည့် အစိုးရဝန်ထမ်းများအား ထောက်ပံ့နိုင်ရေးအတွက် အလှူငွေကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
NGO United For Democratic Myanmar အဖွဲ့ဦးဆောင်မှုဖြင့် မတ်လ ၃ ရက်နေ့က မီဇိုရမ်ရောက် မြန်မာအဖွဲ့အစည်း အသီးသီးတို့နှင့်တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
“ဒီကနေ့ ကျွန်တော်တို့ အိုက်ဇောလ်မြို့မှာရှိတဲ့ မြန်မာပြည်က အဖွဲ့အစည်းအသီးသီးနဲ့ တွေ့ဆုံကြတယ်။ အဓိကတော့ မီဇိုရမ်မှာရှိနေကြတဲ့ မြန်မာပြည်သားများအနေနဲ့ ကိုယ့်မြန်မာနိုင်ငံ၊ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး ဒုက္ခရောက်နေတဲ့ဟာကို တတ်နိုင်တဲ့ဖက်ကနေ ကူညီပါဝင်ချင်လို့ ပြည်တွင်း CDM အတွက် ရံပုံငွေကောက်ခံကြရင် ကောင်းမယ်ဆိုပြီး ဆုံးဖြတ်ကြတယ်” ဟု ၎င်းကပြောသည်။
NGO United For Democratic Myanmar အဖွဲ့အစည်းသည် ဖေဖော်ဝါရီ ၁ ရက်က တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက် မီဇိုရမ်ရောက် မြန်မာပြည်သားများမှ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး အဆိုပါ အဖွဲ့အစည်းဦးဆောင်မှုဖြင့် ဖေဖော်ဝါရီ ၁၃ ရက်က လမ်းပေါ်ထွက်ဆန္ဒပြပွဲကိုလည်း ကျင်းပခဲ့ပြီး အိန္ဒိယဗဟိုအစိုးရထံ သဘောထားထုတ်ပြန်ချက်များကိုလည်း ပေးပို့ခဲ့သည်။
Published
Thursday, March 04, 2021
CDM ဝင်သူများ ထောက်ပံ့ရေးအတွက် မီဇီုရမ်တွင် အလှူငွေကောက်ခံမည်