အင်တာနက်လိုင်းများ အချိန်ကန့်သတ်ထားခြင်းနှင့် လူမှုကွန်ရက်စာမျက်နှာများ ပိတ်ထားခြင်းအပေါ် ကချင်လူငယ်များကဝေဖန်

အင်တာနက်လိုင်းများ အချိန်ကန့်သတ်ထားခြင်းနှင့် လူမှုကွန်ရက်စာမျက်နှာများ ပိတ်ထားခြင်းအပေါ် ကချင်လူငယ်များကဝေဖန်

အာဏာသိမ်းစစ်ကောင်စီက အင်တာနက်လိုင်းများ အချိန်ကန့်သတ်ထားခြင်းနှင့် Facebook လူမှုကွန်ရက်စာမျက်နှာများ ပိတ်ထားခြင်းအပေါ် ကချင်လူငယ်များက ဝေဖန်လိုက်သည်။

 

ယင်းသို့ လုပ်ဆောင်မှုသည် လူငယ်များအတွက် အခွင့်အလမ်းများကို ဆုံးရှုံးစေသည်သာမက အခွင့်အရေးချိုးဖောက်ခံရသည့် အနေအထားမျိုးဖြစ်သည်ဟု ဆိုသည်။

 

စစ်တပ်က အာဏာသိမ်းယူပြီးနောက် အင်တာနက်လိုင်းများကို အချိန်ကန့်သတ်ပိတ်ပင်ခြင်း၊ လူမှုကွန်ရက်စာမျက်နှာကို ပိတ်လိုက်ခြင်း၊ အင်တာနက်လိုင်းမြန်နှုန်းများကို လျော့ချခြင်းများ လုပ်ဆောင်နေသည့်အတွက် အင်တာနက်လိုင်းကနေ စာသင်ကြားနေသည့် ကွန်ပြူတာ တက္ကသိုလ်ကျောင်းသားများအတွက် အခက်အခဲဖြစ်စေသည်ဟု ကျောင်းသားတစ်ဦးက ပြောသည်။

 

မြစ်ကြီးနားမြို့ ကွန်ပြူတာတက္ကသိုလ်ကျောင်းက စတုတ္ထနှစ်ကျောင်းသားတစ်ဦးက “ကျွန်တော်က လူငယ်တစ်ယောက်ဆိုတာထက် ကွန်ပြူတာတက္ကသိုလ်သား။ ကွန်ပြူတာတက္ကသိုလ်ကျောင်းသားဆိုတော့ အင်တာနက်က ည တစ်နာရီကနေ ၉ နာရီအထိပိတ်လိုက်တယ်။ ကျွန်တော်တို့က နေ့စဉ်နဲ့အမျှ ကွန်ပြူတာကျောင်းကဆိုရင် အခုဆိုရင်လည်း Activity တွေလုပ်နေတယ်။ သင်တန်းတွေဘာတွေလုပ်တယ်။ အွန်လိုင်းကနေ Zoom နဲ့လုပ်တယ်။ အဆင်မပြေတော့ဘူး။ Home work (အိမ်စာ) တွေပေးပြီဆိုရင် လုံးဝအဆင်မပြေတော့ဘူး။ သူတို့လုပ်ရပ်က ကျွန်တော်တို့အတွက် လုံးဝကို အဆင်မပြေစေဘူး” ဟု ပြောသည်။

 

ယခင် အင်တာနက်အွန်လိုင်းကနေ စာသင်ကြားပို့ချမှုများ၊ လေ့လာမှုကိုလုပ်ကိုင်နေကြသည့် ကွန်ပြူတာတက္ကသိုလ်မှ ကျောင်းသားများသည် စစ်အာဏာသိမ်းပြီးနောက် သင်ကြားမှု၊ ပို့ချမှုအားလုံးကို လုံးဝရပ်နားထားရသည်ဟု ၎င်းက ဆက်လက်ပြောသည်။

 

“အာဏာမသိမ်းခင်အထိက ကျနော်တို့ကို ကျောင်းကနေ training တွေ၊ သင်တန်းတွေလုပ်ပေးနေတယ်။ Zoom နဲ့သင်တယ်။ online ကနေပဲ အဓိကလုပ်နေရတယ်။ အဆင်ပြေပြေနဲ့ သင်တန်းတွေလုပ်နေတဲ့အချိန်မှာ အခုလိုဖြစ်သွားတော့ ဘာမှကို လုံးဝကို အဆင်မပြေတော့ဘူး။ သင်ခန်းစာတွေ အကုန်လုံး လုံးဝရပ်ထားရတာပါ” ဟု ၎င်းကပြောသည်။

 

ဖေဖော်ဝါရီ ၁၄ ရက်မှစတင်၍ ၂၈ ရက်နေ့အထိ နံနက် ၁ နာရီမှ နံနက် ၉ နာရီအချိန်ထိ အင်တာနက်လိုင်းများကို ယာယီဖြတ်တောက်ထားမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း မတ် ၁ ရက်နေ့အထိ ယခင်အတိုင်း ဖြတ်တောက်ထားခြင်းဖြစ်သည်။

 

စစ်အာဏာရှင်ဆန့်ကျင်ရေး မြစ်ကြီးနားမြို့က ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်နေသည့် ကချင်လူငယ်တစ်ဦးကလည်း “ပြောရမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံက အခုမှ ဒီမိုကရေစီလမ်းစဉ်ပေါ်သွားနေတဲ့နိုင်ငံ၊ ဒီမိုကရေစီရဲ့ feeling ကို စတင်ပြီးမှ ခံစားရချိန် ဒီလိုလုပ်လိုက်တာဆိုတော့ တအားကြီးကို ဆုံးရှုံးနစ်နာသွားတယ်။ ပြီးရင် ကျနော်တို့ လူငယ်တွေဆိုရင် Game တွေဆော့ကြတယ်၊ အခုက အင်တာနက်လိုင်းက မကောင်းတော့ဘူးဆိုတော့ လူငယ် တွေအတွက် relaxing အချိန်တွေ ပျောက်ကုန်တယ်” ဟု ပြောသည်။

 

အင်တာနက်လိုင်းကန့်သတ်ချက်များကြောင့် လူငယ်များအတွက် စာပေလေ့လာသင်ကြားမှုများကို ထိခိုက်စေသည်သာမက လွတ်လပ်မှု၊ ပျော်ရွှင်ရသည့် အချိန်များကို ဆုံးရှုံးစေသည်ဟုလည်း လူငယ်များက ပြောသည်။

 

“ကျွန်မတို့ရဲ့ လွတ်လပ်မှုတွေကို ထိန်းချုပ်ခံလိုက်ရသလိုလိုဖြစ်သွားတယ်။ online ကနေ စျေးရောင်းနေတာတွေ ရပ်သွားရတယ်။ ဘယ်သွားသွားလည်း မလုံခြုံသလိုခံစားရတယ်။ ကျမတို့ရဲ့ လွတ်လပ်စွာ နေထိုင်ခွင့်တွေက ဆုံးရှုံးသွားသလို ခံစားနေရတယ်” ဟု မြေမြင့်ရပ်ကွက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုတွင်ပါဝင်သူ Gen Z လူငယ်တစ်ဦးက ပြောသည်။

 

အခြားသောနိုင်ငံများတွင် 4G မြန်နှုန်းမှ 5G မြန်နှုန်းမြင့်သွားနေချိန် ယခုကဲ့သို့ ထိန်းချုပ်ခြင်းသည် လုံးဝမဖြစ်သင့်ဘူးဟု လူငယ်များက ဆိုသည်။

 

အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီ ၁၁ ရက်က ထုတ်ပြန်သည့် ထုတ်ပြန်ချက်ထဲတွင် အများပြည်သူ၏ အကျိုးကို ထိခိုက်ပျက်ပြားစေရန်သော်၎င်း၊ နိုင်ငံ့ဝန်ထမ်းများကို အထင်အမြင်လွှဲမှားစေရန်သော်၎င်း၊ သွေးထိုးလှုံ့ဆော်မှုများ၊ မဟုတ်မမှန်သတင်းအချက်အလက်များကို လူမှုကွန်ယက်စာမျက်နှာနှင့် ဝက်ဆိုက်များတွင် ရေးသားဖြန့်ဝေနေသည့်အတွက် ၁၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ ယာယီတားဆီးပိတ်ပင်ရန် အကြောင်းကြားသည်ဆိုသည့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြီးနောက် ယနေ့အချိန်ထိ ထိုသို့ပိတ်ပင်ထားခြင်းဖြစ်သည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...