ကျောက်ဖြူ ခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွန်းကို ကျောက်ဖြူအခြေစိုက် ခမရ ၅၄၃ တပ်ရင်းတွင် ထိန်းသိမ်းထားသည်ဟု ၎င်း၏တူမဖြစ်သူ မအေးအေးနိုင်က ပြောသည်။
“ကျွန်မတို့ သူနဲ့ ဖုန်းအဆက်အသွယ်ရပါတယ်။ လူချင်းတော့ တွေ့ခွင့်မရဘူး။ ဒါပေမယ့် ပစ္စည်းတွေ၊ ဘာတွေတော့ ပို့လို့ရတယ်။ ကျွန်မတို့က ပစ္စည်းပို့ဖို့အတွက် ဖုန်းဆက်လိုက်လို့ရှိရင် သူတို့ကလာယူတယ်။ ကျမတို့က တပ်အပြင်ကနေပြီိးတော့ တဆင့်ခံပို့ရတယ်” ဟု သူမက ပြောသည်။
ဦးတင်ထွန်းမှာ ကျန်းမားရေးကောင်းမွန်သော်လည်း ယခုလိုမျိုး ဖမ်းဆီးထိန်းသိမ်းခံထားရသည့် စိုးရိမ်ကြောင့်ကျနေရကြောင်း သူမကဆက်ပြောသည်။
၄င်းတို့အား ထိန်းသိမ်းထားခြင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များကို ဖမ်းဆီးထားခြင်းဖြစ်သောကြောင့် ပါဝင်သွားခဲ့ခြင်းဖြစ်ကြောင်း သူမကဆက်လက်ပြောသည်။
ဦးတင်ထွန်းနှင့်အတူ ကျောက်ဖြူခရိုင်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိလည်း ၅၄၃ တပ်ရင်းတွင် ရှိနေကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ်မှ တောင်ကုတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်လွင်နှင့် အတွင်းရေးမှူး ဒေါ်အိသဇင်ကျော်၊ ကျောက်ဖြူခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်ထွန်းနှင့် ဦးစီးအရာရှိ၊ ရမ်းဗြဲမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကျင်သောင်း၊ အမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးခင်မောင်ချေ၊ ဂွမြို့နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်ဆန်းနှင့် မာန်အောင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးစန်းလွင်တို့သည် ပြီးခဲ့သော ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီးခံခဲ့ရပြီး ယခုအချိန်ထိ ပြန်လွတ်လာခြင်းမရှိသေးကြောင်း သိရသည်။