ပြန်လည်လွတ်မြောက်လာသော မွန်ပြည်နယ် လွှတ်တော်ဥက္ကဌနှင့် ဝန်ကြီးများအနေဖြင့် ဆန္ဒပြလှုံ့ဆော်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း ခံဝန်ထိုးခဲ့ရကြောင်း သိရသည်။
“နိုင်ငံရေးလှုပ်ရှားမှုတွေ ဆန္ဒပြတာတွေ လှုံ့ဆော်တာတွေမလုပ်ဖို့ ကတိခံဝန်ချက် လက်မှတ်ထိုးခိုင်းတယ်။ ဖောက်ဖျက်ရင် တည်ဆဲဥပဒေနဲ့ အရေးယူခံရမယ်ဆိုတာပါတယ်” ဟု ပြန်လည်လွတ်မြောက်လာသည့် မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောသည်။
တပ်မတော်မှ အာဏာသိမ်းပြီးနောက် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသည့် မွန်ပြည်နယ်လွှတ်တော် ဥက္ကဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဖေဖော်ဝါရီ ၂၆ ရက် နေ့လည်ပိုင်းက ခံဝန်ဖြင့်ပြန်လွှတ်ပေးခဲ့သော်လည်း မွန်ပြည်နယ်ဝန်ကြီးချုပ်ကို ဆက်လက်ထိန်းသိမ်းထားကြောင်း သိရသည်။
အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးအများစုတို့ကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို ပြန်လွှတ်ပေးခဲ့ပြီး ပြည်နယ်အစိုးရဝန်ကြီးအိမ်ရာဝင်းတွင် နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခဲ့ကာဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းတွင် ဝန်ကြီးချုပ်ကို ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
တပ်မတော်မှ အာဏာသိမ်းပြီးနောက် နိုင်ငံတော်သမ္မတ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးအများစုနှင့် NLD ထိပ်ပိုင်းခေါင်းဆောင်အချို့တို့ကို တပ်မတော်က ဖမ်းဆီးခဲ့သည်။
လက်ရှိတွင် ဖမ်းဆီးခံထားရသူ အချို့တို့ကို ပြန်လွှတ်ပေးနေသော်လည်း နိုင်ငံတော်သမ္မတ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်အချို့ ဖမ်းဆီးခံထားရဆဲဖြစ်သည်။
တိုင်းနှင့် ပြည်နယ်အချို့မှ ဝန်ကြီးချုပ်နှင့် ဝန်ကြီးအချို့တို့ကို တရားစွဲဆိုနေခြင်းလည်းရှိနေသည်။