ရှမ်းတောင် ကျေးသီးမြို့ပြည်သူများတစ်နိုင်ငံလုံးနည်းတူ နေ့စဉ်စစ်အာဏာကျဆုံးရေး ဆန့်ကျင်ဆန္ဒဖော်ထုတ်လျက်ရှိသော်လည်း လုံခြုံရေးတပ်ဖွဲ့အင်အားများပြားလွန်းသဖြင့် ဆန္ဒဖော်ထုတ်မှု ရပ်ဆိုင်းသွားကြောင်း သိရသည်။
မြန်မာတစ်ဝှမ်းနည်းတူရှမ်းတောင် ကျေးသီးပြည်သူများလည်း စစ်အာဏာကျဆုံးရေးအတွက် ဖေဖော်ဝါရီ ၁၀ ရက်မှစတင်ကာ ဆန့်ကျင်ဆန္ဒပြလုပ်ခဲ့ရာ ရဲကား၊တပ်ကားများက အဟန့်အတား အနှောက်အယှက်မျိုးစုံ ပြုလုပ်နေသဖြင့် ပြည်သူများဆန္ဒထုတ်ဖော်ရန် ခက်ခဲနေကြောင်း ကျေးသီး ပြည်သူများကပြောသည်။
“ကျွန်တော်တို့ ဆန္ဒထုတ်ဖော်တဲ့လမ်းတလျောက် နောက်ကနေ လိုက်တယ်။ ရှေ့ကနေလိုက်တယ်။ သူတို့ အင်အားက နည်းတာမဟုတ်ဘူး။ ကျနော်တို့ လုံခြုံရေးကလည်း စိုးရိမ်ရတော့ ဖေဖော်ဝါရီ ၁၄ ရက်ကစပြီး ဆန္ဒထုတ်ဖော်တာ ရပ်လိုက်ရတယ်” ဟု စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် ကျေးသီးလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ထိုပြင်း ၎င်းဒေသတွင် ည ၈ နာရီတိုင်း စစ်အာဏာရှင်ကိုဆန့်ကျင်သည့် သံဗုံးတီးခြင်းကိုလည်း ရပ်နားလိုက်ရကြောင်း သိရသည်။
“တပ်ကား၊ ရဲကား၊ အချုပ်ကားက ကျွန်တော်တို့ ကျေးသီးမြို့ထဲမှာ ၂၄ နာရီနီးပါးပတ်နေတယ်။ ကျွန်တော်တို့ညဆိုရင်လည်း သံဗုံးမတီးရတော့ဘူး။ ဖေဖော်ဝါရီ ၁၆ ရက်ကစတယ်။ သံဗုံးတီးတာလည်း ရပ်လိုက်တယ်။ လုံခြုံရေးကတော့ စိုးရိမ်နေရတယ်” ဟု ၎င်းလူငယ်က ဆိုသည်။
ကျေးသီးမြို့သည် သေးငယ်သည့်မြို့တမြို့ဖြစ်ပြီး၊ စစ်တပ်က ဘေးပတ်လည် နေရာယူထားသည့် နေရာတစ်ခုလည်းဖြစ်သည်။
သို့သော်လည်း ကျေးသီးလူငယ်များအနေဖြင့် ထိုအခက်အခဲများကြားထဲမှာ စစ်အာဏာရှင်ကို ဆန့်ကျင်သည့်စာသားဖြင့် ပုံဖော်ပြီး ဆန္ဒထုတ်ဖော်မှု ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်မြို့နယ် အများစုတွင် စစ်အာဏာရှင်ကျဆုံးရေးအတွက် ဆန့်ကျင်ဆန္ဒပြသည့် လူငယ်များဖမ်းဆီးခံနေရပြီး လက်ရှိအချိန်ထိ သတင်းမရသေးသူများစွာရှိနေကြောင်းလည်း သိရသည်။